အစိုးရတပ်က ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာအား ထိုးစစ်ဆင်မှု ခေတ္တ ငြိမ်သက်နေသော်လည်း ဖားကန့် ဒေသအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း KIA က ဆိုသည်။
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၆) မှ တပ်ဖွဲ့တခုနှင့် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၇) လက်အောက်ခံ တပ်ဖွဲ့ တခုတို့ ယမန်နေ့ညနေ (၅) နာရီအချိန်က ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး မိနစ် (၃၀) ခန့် ဖြစ်ပွားခဲ့ကြောင်း KIA တပ်ရင်း (၆) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက အခုလို ပြောဆိုသည်။
“အစိုးရတပ်က အမြဲတမ်း လိုက်တိုက်နေတော့ ရှောင်လေ လာရှုပ်လေဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့ဖက်က သည်းမခံနိုင်တော့လို့ တပွဲခံ ချလိုက်တာပါ။ ဒီတော့ ဒီပွဲမှာ အထိနာ သွားပုံရပါတယ်။ အဝေးဆုံးကို နောက်ဆုတ်သွားလိုက်တာပါဘဲ။” ဟု ဆိုသည်။
KIA တပ်ရင်း (၆) လက်အောက်ခံ ညောင်ထောက်စခန်းရှိ တပ်ခွဲ (၅) မှတပ်ဖွဲ့နှင့် ကယားပြည်နယ် အခြေစိုက် စကခ (၇) လက်အောက်ခံ စစ်ကြောင်း တခုမှ တပ်ဖွဲ့ဝင် အင်အား(၁၀၀) ခန့်တို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
KIA တပ်မဟာ (၂) တပ်ဖွဲ့သည် တနိုင်းလွင်ပြင်ကို အခြေစိုက်ထားပြီး အင်အား တထောင်ကျော် ရှိကြောင်းနှင့် ယင်းဒေသသို့ အစိုးရ စကခ(၇) တပ်ဖွဲ့များ အပါ၀င် ကချင်ပြည်နယ် ဒေသခံတပ်ဖွဲဝင် အင်အား (၂၀၀၀) ခန့်က ယခုလဆန်းမှစ၍ ထိုးစစ်ဆင်နေကြောင်း KIA ဘက်က ပြောဆိုသည်။
တချိန်တည်းတွင် အစိုးရ တပ်ဖွဲ့ဝင်များ အပါအဝင် ရိက္ခာများ တင်ဆောင်ထားသည့် စစ်ကား အစီး (၅၀) ခန့် မြစ်ကြီးနားမြို့မှဧရာဝတီ မြစ်ဆုံဘက်သို့ ယနေ ့မနက် ၉ နာရီခန့်က ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။
လောလောဆယ်တွင် KIA နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ‘၀’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းတွင် တွေ့ဆုံနိုင်ရန် UWSA က ကြားဝင်ဆောင်ရွက်ပေးမှု အပေါ် နှစ်ဖက်စလုံးက သဘောတူထားကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်ကို မသိရသေးပါ။