KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်

KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်
by -
ရွှေဟင်္သာ

အစိုးရတပ်က မကြာခင်က သိမ်းယူထားသည့် ပွိုင့် (၇၇၁) စခန်းမှ အစိုးရ တပ်များသည် ၄င်းစခန်း ပတ်ဝန်းကျင်များသို့ ရှင်းလင်းရန် ယမန်န့က ထိုးစစ်ဆင် ခဲ့ရာ အကျအဆုံး များစွာ ရှိခဲ့သည်ဟု ကျောင်းသား တပ်မတော် ဒုတိယ စစ်ရေး တာဝန်ခံ ဗိုလ်မှူး ကိုပေါက်က ဆိုသည်။

“ခါရာဘွမ် ကို သူတို့ ထိုးစစ်ဆင်နေတာ ၅ ရက် ရှိပြီး။ မနေ့က မနက် ရ နာရီခွဲမှာ ဆိုရင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်တယ်။  လေယာဉ်နဲ့ လာပစ်တယ်။ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီ မိနစ် ၄၀ အချိန်မှာ တကြိမ် လေယာဉ် ၂ စင်းနဲ့ လာပစ်ခဲ့တယ်။ ဒီနေ့လဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်ပြန်တယ်။” ဟု ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုများအတွင်း အစိုးရဖက်မှ အကျအဆုံး များစွာ ရှိသော်လည်း ယနေ့ နံနက် ရ နာရီခန့်က ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းထိုးစစ်အား  KIA နှင့် ကျောင်းသား တပ်မတော်တို့မှ ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် အစိုးရ တပ်ဖွဲ့များ ရှေ့မတိုးနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရရှိသေးပါ။

ယခု တိုက်ပွဲဖြစ်ပွားသည့် နေရာသည် KIO ဌာနချုပ် လိုင်ဇာ၏ အနောက်ဘက် ၅ မိုင် အကွာခန့်တွင် ရှိပြီး KIA တပ်ရင်း (၂၃) နှင့် (၂၄) အတွက် စစ်ရေးအရ အဓိက ကျသည့် ရှေ့တန်း ကာကင်းစခန်း တခုဖြစ်သည်။ ယင်းနေရာများသည် လိုင်ဇာအား စိုးမိုးနိုင်ရန် အဓိကကျသည့် တပ်စခန်းများ ဖြစ်သည့်အတွက် အစိုးရတပ်က (၁၇) ရက်ခန့်ကြာအောင် မြေပြင်နှင့် ဝေဟင်ထိုးစစ်များ ပြုလုပ်နေကြောင်း အဆိုပါ တပ်မှူးက သုံးသပ်ပြောဆိုသည်။

“လာပစ်တဲ့ လေယာဉ်က ၆ စင်း၊ တခါလာတာ ၂ စင်းတွဲ၊ ၃ ခေါက် လာပစ်သွားတယ်ဗျ။ စက်သေနတ် နဲ့လည်း ပစ်တယ်။ နောက်ပြီး ဗုံကျဲချတယ်။ မြေပြင်ပစ် ဒုံးတွေနဲ့လည်း ပစ်တယ်။ အပြင်းအထန်ပါဘဲ။ အခု ၅ နာရီခွဲမှာ ဘွမ်ရီဘွမ် ရ၇၁ ဘက် မှာလဲ ပစ်ခတ်နေတုန်း” ဟု ဗိုလ်မှူးက ဆိုသည်။

အစိုးရ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျားယန် စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်နေခြင်း မဟုတ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် 7 Days News ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ပြောကြား ခဲ့သည်။