KIA ကို စစ်ဆင်နေသမျှ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုကို UNFC ရပ်ထားမည်

KIA ကို စစ်ဆင်နေသမျှ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုကို UNFC ရပ်ထားမည်
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA အား ထိုးစစ်ဆင်နေသ၍ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည် မဟုတ်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ထုတ်ပြန်ကြေညာလိုက် ပြီး ယနေ့ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

သမ္မတ အာဏာကို အသုံးပြု၍ ကချင် ထိုးစစ်အား ချက်ခြင်း ရပ်တန့် ပေးရန် ကြေငြာချက်၌ တောင်းဆို ထားကြောင်း အစည်းဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ် ပါတီမှ ဒုတိယ စစ်ဦးစီးချုပ် နိုင်လယီဂကောင်း က ပြောသည်။

“ဒီ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို မရပ်ဘူး ဆိုရင် UNFC အဖွဲ့ အနေနဲ့ ဦးအောင်မင်း ဖိတ်ကြားထားတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေး နွေးရေးကို လက်ခံမှာ မဟုတ် သေးပါဘူး ခင်ဗျ။ ဒါပေ မယ့်လည်း စစ််ပွဲ ရပ်သွားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ UNFC က ဦးအောင်မင်း ကိုသွားတွေ့မှာပါ။” ဟုဆိုသည်။

UNFC ထိပ်သီး အစည်း အဝေး တရပ်ကို ဇန်နဝါရီလ ရ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပ ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ချမှတ် ခဲ့ခြင်း ဖြစ်သည်။

KIA ကို စစ်ဆင်နေသမျှ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုကို UNFC ရပ်ထားမည်

ယင်း အစည်း အဝေးကို ထိုင်းနိုင်ငံ ဇင်းမယ် မြို့၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် အဖဲဲွ့အစည်း များ၏ ဥက္ကဌ/ ဒုဥက္ကဌနှင့် စစ်ဦးစီးချုပ်/ ဒုစစ် ဦးစီး ချုပ်များ ပါ၀င်သည့် ထိပ်သီး ခေါင်းဆောင် များကသာ တက်ရောက် ကြသည်။

အစိုးရ အနေဖြင့် KIA အား ပြင်းထန်စွာ ထိုးစစ်ဆင်လာသည့် အတွက် UNFC က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြီးခဲ့သည့် ဇန်နာဝါရီလ (၁) ရက်နေ့ကလည်း သဘောထား ထုတ်ပြန် ခဲ့သေးသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2580-2013-01-02-09-06-27.html

ဦးအောင်မင်းက လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် UNFC နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးကြရန် အကျိုးတော်ဆောင် များမှ တဆင့် UNFC အဖွဲ့ကို တရားဝင် ကမ်းလှမ်း ထားသည်။ သို့သော် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ကို ထိုး စစ်ဆင်နေသမျှ တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း UNFC က ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ ထုတ်ပြန်ပြောဆို လိုက်ခြင်း ဖြစ်သည်။

ကချင်စစ်ပွဲနှင့် ပါတ်သက်၍ UNFC က ကြေညာချက် အကြိမ်ကြိမ် ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့သော်လည်း အစိုးရဖက်မှ လျစ်လျူရှု ခဲ့သလို လက်ရှိ ထုတ်ပြန်ချက်သည်လည်း မည်မျှထိ ရောက်မည်ကို အများကစောင့် ကြည့်နေလိမ့်မည်ဟု အကဲခတ်များက ဆိုသည်။