ဟန်ကိုင်းတောင် အစိုးရ လက်နက်ကြီးကုန်းအား KIA ၀င်စီးခဲ့

ဟန်ကိုင်းတောင် အစိုးရ လက်နက်ကြီးကုန်းအား KIA ၀င်စီးခဲ့
by -
ရွှေဟင်္သာ

KIO ဌာနချုပ် လိုင်ဇာအပါ၀င် KIA စခန်းများကို ပစ်ကူပေးနေသော ဒေါ့ဖုန်းယန်ရှိ ဟန်ကိုင်းတောင် လက်နက်ကြီးကုန်း ကို KIA တပ်ဖွဲ့မှ ယမန်နေ့က စစ်ဆင်တိုက်ခိုက်ရာ လက်နက်ကြီးများ ပျက်စီး ခဲ့သည်ဟု ၄င်းရှေ့တန်း စခန်းကို ကွပ်ကဲ နေသော KIA အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောသည်။

“နေ့လည်ပိုင်း ၂ နာရီ လောက်မှာ တက်တိုက်ခဲ့တာပါ။ ကျနော်တို့လည်း လက်နက်ကြီး ပစ်အားကို တအားသုံးတော့ သူတို့ ဆင်ထားပြီးသား ရှိနေတဲ့ ၁၀၅ မမနဲ့ ၁၅၅ မမဟော်ဝစ်ဇာ အမြောက်တွေကို ထိသွားတယ်လေ။ (၂) လက်ပျက် တယ်လို့ သိရတယ်။ ဒီစခန်းမှာ ရှိနေတာက (၃) လက်လေ။ စခန်းကလည်း ပျက်စီး သလောက်ဖြစ်လို့ ကျန်တဲ့ လက်နက်ကြီးတွေ နေရာ ရွှေ့နေရတယ်လို့ ကြားရတယ်ဗျ။” ဟု ဆိုသည်။

ဟန်ကိုင်းတောင် လက်နက်ကြီး ကုန်းကို KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၉) တပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၁၀၅ မမ တလက်နှင့် ၁၅၅ မမတလက် ပျက်စီးသွားသည်ဟု KIA ဖက်က ဆိုသည်။

ပျက်စီးသွားသော ဟန်ကိုင်းတောင်စခန်း တနေရာ (ဓါတ်ပုံ ABSDF)

ယခုကဲ့သို့ ဒေါ့ဖုန်ယန်ရှိ ဟန်ကိုင်းတောင် လက်နက်ကြီးကုန်း တိုက်ခိုက်ခံရသည့်အတွက် ယနေ့တိုက်ပွဲ ဖြစ်ပွားနေသော ဖွန်းပျဉ် ဘွမ် တပ်ရင်း (၂၄) စခန်း တိုက်ပွဲများထံ အစိုးရဘက်က ပစ်ကူများ မပေးနိုင် တော့ကြောင်း၊ Bum Re Bum ခေါ် ပွိုင့် ရ၇၁ စခန်းကသာ ပစ်ကူ ပေးနေခြင်းဖြစ်သည်ဟု KIA က ဆိုသည်။

လောလောဆယ်တွင် အစိုးရ တပ်များ၏ နယ်မြေတိုးချဲ့မှုကို ကာကွယ်ရန်၊ ရည်ရွယ်၍ ပွိုင့် ရ၇၁ စခန်း အား KIA အမှတ် (၂၃) တပ်ရင်းတပ်ဖွဲ့များက ၀ိုင်းရံထားသလို ပွိုင့် (၇၇၁) စခန်း အနီးရှိလုံလော့စခန်းမှ တပ်ဖွဲ့ဝင်များ နှင့် KIA တပ်ဖွဲ့ဝင်တို့ ယနေ့မနက်ကတည်းက ညနေ (၄) နာရီခန့် အထိ တိုက်ပွဲဖြစ်ပွား နေကြောင်း KIA ရှေ့တန်း တပ်မှူးများက ဆိုသည်။