ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ
by -
ရွှေဟင်္သာ

Napaw campကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။

“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေ့ါဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။” ဟု ဆိုသည်။

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ

ယမန်နေ့ နေ့လည်က လေတပ်မှ ဗုံးကျဲ ချထားသော နေရာများသို့ ကြည်းတပ်က နေရာ ၀င်ယူနိုင်ရန် အမြောက်တပ်က တနေကုန် ပစ်ကူပေး နေခြင်း ဖြစ်သည်။

ဗန်းမော်- လိုင်ဇာ လမ်းကြောင်း အပါအဝင် လဂျားယန် တဝှိုက် နေရာယူထားသည့် တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ KIA က တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်သလို အစိုးရတပ်ဖွဲ့များ အထိနာပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆထားသည်။

KIO ဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေသလို ယမန်နေ့ကမှ မြစ်ကြီးနားကို ရထားစင်းလုံးဖြင့် ရောက်လာ သော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုသည်။

“မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်းပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့ လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။” ဟု ဆိုသည်။

အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များ သည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေ ရသည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိကြောင်း ပြောဆိုသည်။

လောလောဆယ်တွင် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်၍ ရက်အကန့်အသတ် မရှိ ပိတ်ပင်ထားကြောင်း သိရသည်။