ရှမ်းပြည် မြောက်ပိုင်းတွင် ကွတ်ခိုင် မြို့နယ်ထဲ၌ အစိုးရတပ်ဖွဲ့များ၏ စစ်ရေး လှုပ်ရှားမှုများကြောင့် ယမန်နေ့မှ စတင်ပြီးဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးလျှက် ရှိကြောင်း တအာင်း(ပလောင်)ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) မှ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးတာဘုန်းကျော်က ပြောသည်။
“တနယ်လုံးက မြို့ပေါ်ကို ထွက်ပြေး နေတာလေ။ အခုဆိုရင် ကွတ်ခိုင် မြို့ပေါ်မှာ ဆိုရင် စစ်ပြေးဒုက္ခသည် တစ်ထောင်လောက် ရှိသွားပြီး။ ခရစ်ယာန် ဘာသာဝင် ဆိုရင် ချာတ်ကျောင်းမှာ နေထိုင်ကြတယ်။ ဗုဒ္ဓ ဘာသာဝင် ဆိုရင် ဘုန်းကြီးကျောင်းမှာတည်း နေကြတယ်။ ကျနော်တို့ ဒေသမှာ ဒုက္ခသည်စခန်း ဖွင့်ဖို့ မလွယ်ဘူး ခင်ဗျ။ မြို့နဲ့ နီးတဲ့ ပြည်သူတွေကျတော့ မြို့ပေါ်ကို ဘဲထွက် ပြေးကြတယ်။ မြို့နဲ့ ဝေးတဲ့ပြည် သူတွေ ကြတော့ တောထဲကို ဝင်ပြေးကြတယ်။” ဟုဆိုသည်။
(၅) ရက်ခန့် တိုက်ပွဲ ငြိမ်သက်ရာကနေ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် အစိုးရ ခလရ (၆၈) ၊ ခမရ (၂၄၀) တပ်ဖွဲ့များသည် ကွတ်ခိုင် မြို့နယ်တဝိုက်၌ စစ်ဆင်ရေး လှုပ်ရှားမှုများ စတင်လာခဲ့သည်။ စစ်ဆင်ရေး စတင်သည့် ကာလအတွင်း အစိုးရတပ်ဖွဲ့ဝင်များမှ ဒေသခံ ပြည်သူများကို စစ်ဆေး မေးမြန်းခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ စွပ်စွဲချက်များ ပြုလုပ်ပြီး သတ်ဖြတ် ခြင်းများ အမြဲပြုလုပ်နေသောကြောင့် စစ်ဆင်ရေးရှိသော နေရာတိုင်း၌ ဒေသခံများက နေရပ်စွန့် ထွက်ပြေးရခြင်းဖြစ်သည်။
ရှမ်းပြည် မြောက်ပိုင်းဒေသသည် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် တိုးတက်ရေး တပ်မတော် (SSA) တပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး အစိုးရ တပ်ဖွဲ့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသော ဒေသလည်း ဖြစ်သည်။
အစိုးရတပ်များသည်၊ စစ်စခန်း တည်ဆောက်ခြင်း၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခြင်း၊ တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာအဖြစ် ဖမ်းဆီးခြင်း၊ တပ်စခန်းအတွက် နေအိမ်များကို ပြောင်းခိုင်းခြင်း၊ သူပုန်ဆက်သွယ်သူဟု စွပ်စွဲပြီး ညှင်းပမ်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပြီးခဲ့ သည့် နိုဝင်ဘာလ (၅) ရက်နေ့က ပလောင် အမျိုးသမီး အစည်းအရုံးမှ စွပ်စွဲ ထားသည်။
စစ်ပြေး ဒုက္ခသည်များအနေဖြင့် တရုတ်ပြည်သို့ ထွက်ပြေးလိုသော်လည်း စစ်ပြေးဒုက္ခသည်များကို တရုတ်ဘက်မှ လက်မခံသော မူဝါဒကြောင့် ပြည်တွင်းမှာပင် မှီခိုနေရပြီး ရိက္ခာအခက်အခဲ ဖြစ်နေကြရသည်ဟု ဆိုသည်။
တအာင်း (ပလောင်) ဒေသတွင် ဒုက္ခသည်စခန်းအဖြစ် (၃) နေရာရှိပြီး နမ့်ခမ်းမြို့ပြင်၊ မန်တုန်မြို့တွင်း နှင့် တိုးဟုန်ကျေးရွာ တို့တွင် ဖွင့်လှစ်ထားသည်။ စခန်းဖွင့်စ ကာလ၌ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင်များ အလှူရှင် များ အကူအညီပေးမှု ရှိခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်လာသည့်နောက် အကူအညီပေးမှုလည်း မဲ့ လာခဲ့သည်။
အစိုးရသည် ယင်းစစ်ပြေး ဒုက္ခသည်များကို လျှစ်လျှူရှုထားကြောင်း၊ နိုင်ငံတကာ လာရောက်အကူအညီ ပေးရေးကို လည်း တားဆီးထားနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။ ရှမ်းပြည်မြောက်ပိုင်းဒေသသည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။