တပ်အင်အားသုံး၍ မူးယစ်ဆေးတိုက်ဖျက်မည့် အစီစဉ် SSPP လက်မခံ

တပ်အင်အားသုံး၍ မူးယစ်ဆေးတိုက်ဖျက်မည့် အစီစဉ် SSPP လက်မခံ
by -
ရွှေဟင်္သာ

အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို အကြောင်းပြပြီး ရှမ်း ပြည်တိုးတက်ရေးပါတီ SSPP နယ်မြေအတွင်း သို့ စစ်အင်အားဖြင့် ဝင်ရောက်လာပါက ပြတ်သားစွာ အရေးယူရမည်ဖြစ်ကြောင်း ပြောခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ ကပြောသည်။

“အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို ကျနော်တို့က ကြိုဆိုပေမဲ့ ဒါတွေကို ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက် မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကိုယ့်သဘောနဲ့ကို ဆိုရင်တော့ ကျနော်တို့ဘက်က လက်ခံနိုင်မှာ မဟုတ်ပါဘူး။ မနှစ်တုန်းကဆိုရင် အစိုးရရဲ့ မူးယစ်ဆေးဝါး အဖွဲ့ဝင် (၂) ဦးလာခဲ့ဘူးတယ်။ သူတို့ သွားချင်တဲ့ နေရာကို ကျနော်တို့ လိုက် ပို့ပေးပါတယ်။ ဒီပုံစံနဲ့ လာမယ်ဆိုရင် ကြိုဆိုပါတယ်ဗျ။ စစ်တပ်နဲ့ လာမယ်ဆိုရင် ကျနော်တို့ဘက်က ကာကွယ်ရလိမ့်မယ်။” ဟုဆိုသည်။

ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း မိုင်းဆတ်ခရိုင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ခရိုင် မူးယစ်ဆေး ဝါး တိုက် ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းပါဝင် သော အဖွဲ့ ၁၂ ဖွဲ့သည် အစိုးရတပ်ဖွဲ့၏ လုံခြံုရေးအစီစဉ်ဖြင့် မူးယစ်ဆေးဝါးများ လိုက်လံဖျက်ဆီးခဲ့သည်။

ထိုကဲ့သို့ အစီစဉ်မျိုးဖြင့် ရှမ်းမြောက်ပိုင်းရှိ SSPP နယ်မြေအတွင်းသို့ ဝင်ရောက်လာပါက SSPP က လက်ခံလိမ့်မည် မဟုတ်ဟု ဗိုလ်မှူးစိုင်းလက ပြောဆိုသွားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီစဉ်ကို SSPP ကလည်း လုပ်ဆောင်နေသဖြင့် အစိုးရကိုယ်စားလှယ်များ လာရောက် ကြည့်ရှုု့ နိုင်ကြောင်း ဗိုလ်မှုုးဆိုင်လက ပြောဆိုသည်။ သို့သော် စစ်တပ်အင်အားဖြင့် လာရောက်ခြင်း ခွင့်မပြုနိုင် ကြောင်းဆိုသည်။

ကုသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က မူးယစ်းဆေး တိုက်ဖျက်ရာတွင် အစိုးရနှင့် ဒေသခံအဖွဲ့များ ပူးတွဲဆောင်ရွက်ရေးကို တိုက်တွန်းနေသလို ညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့သည်။ ဤအစီစဉ်မျိုးဖြင့် ဆောင်ရွက် သင့်သော် လည်း အစိုးရဘက်က SSPP အားလာရောက် ဆွေးနွေးခြင်းမရှိသေးသလို SSPP အနေနဲ့လည်း အစိုးရအား တင်ပြထား ခြင်းမရှိသေးဟု ဆိုသည်။

ဓါတ်ပုံ (UNODC)

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် SSPP နှင့်အစိုးရတို့သည် အပြန်အလှန်ယုံကြည်မှု မရှိကြောင်းနှင့် အစိုးရတပ် ဖွဲ့များက အကာအကွယ်ပေးထားသည့် မူးယစ်ဆေးစိုက်ခင်းများ ရှိသလို လက်နက်ကိုင် အဖွဲ့အစည်းများ ဖက်မှ အကာအကွယ်ပေးထားသည့် စိုက်ခင်းများလည်း ရှိနိုင်သည်ဟု အကဲခတ်များက ခန့်မှန်း ပြောဆိုကြသည်။ ထို့အပြင် အစိုးရက မူးယစ်ဆေးဝါးနှိမ်နှင်းရေးကို အကြောင်းပြပြီး စစ် ရေးအရ အမြတ်ထုတ်လာမည်ကို SSPP ဘက်က စိုးရိမ်သည့်အတွက် မယုံကြည်ခြင်း ဖြစ်နိုင်ကြောင်း အကဲခတ် များ က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ကုသမဂ္ဂ မူးယစ်ဆေး ဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး UNODC ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ဘိန်းအများဆုံး စိုက်ပျိုး သော ဒေသများမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ ဖြစ်ကြပြီး တနို်င်ငံလုံး၏ ၉၀% ခန့် ရှိကြောင်း ပါရှိသည်။