ပန်ဝါမှ အစိုးရအမှတ် (၅၆) တပ်စခန်းကို KIA သိမ်းပိုက်

ပန်ဝါမှ အစိုးရအမှတ် (၅၆) တပ်စခန်းကို KIA သိမ်းပိုက်
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (kIA) မှ ကချင်ပြည်နယ် အရှေ့ဖက် ပန်ဝါမြို့နယ်ရှိ အစိုးရ အမှတ် (၅၆) စခန်းကို ယနေ့နေ့လည်ပိုင်းက သိမ်းပိုက်ရရှိခဲ့သည်ဟု KIA အရာရှိတဦးက ပြောသည်။

“ဒီစခန်းကို ပြီးခဲ့တဲ့ (၁၆) ရက်နေ့ကတည်းက ကျနော်တို့အဖွဲ့က တိုက်ခိုက်နေခဲ့တာပါ။ မနေ့ကတော့ တရက်နားပြီး ပြန် လည်ပြင်ဆင်တယ်။ ပြီးမှ ဒီနေ့နေ့လည်မှာ ၀င်သိမ်းတာပါ၊ ဒီစခန်းဟာ တရုပ်ပြည်ရဲ့ နယ်ခြားမှတ်တိုင် (၆) နားမှာဘဲဗျ။” ဟုဆိုသည်။

ဤစခန်းကို KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၃၃) တပ်ဖွဲ့က တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အသေအပျောက် စာရင်းနှင့် သိမ်းပိုက်ရရှိသော ပစ္စည်းစရင်း အသေးစိပ်ကိုမူ KIA မှ  ထုတ်ဖေါ်ပြော ကြားခြင်းမရှိသေးပေ။

အလားတူ တပ်မဟာ (၅) ဒေသ လိုင်ဇာဂွင် တပ်ရင်း (၃) ဧရိယာရှိ အစိုးရထိန်းချုပ်ထားသည့် ဘွမ်တောင်စခန်း (အရင်KIA တပ်စခန်းဟောင်း) ကိုလည်း KIA က မနက် (၇) နာရီခန့်တွင် ပြင်းထန်စွာ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KIA အပေါ် အစိုးရ၏ ရဟတ်ယာဉ်စစ်ဆင်ရေး

ပန်ဝါဒေသအား ပြီးခဲ့သည့် ဒီဇင်ဘာလ ဆန်းက အစိုးရတပ်များက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှု များသည့်အတွက် တပ်မ (၈၈) တပ်မမှူးနေရာတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကွပ်ကဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် KIA ဘက်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ (၉) ရက်နေ့မှသာ တန်ပြန် စစ်ဆင်ခဲ့ကြောင်း ပြောဆိုသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2496--kia-.html

ပန်ဝါစစ်ဆင်ရေးတွင် အစိုးရဖက်မှ ရုရှားလုပ် MI 24 ရဟတ်ယာဉ် (၂) စင်းဖြင့် ပစ်ခတ်ခဲ့ပြီး လူနာ၊ ရိက္ခာ၊ လက်နက်ခဲယမ်း များ တင်ဆောင်ရန် အနည်းဆုံးရဟတ်ယာဉ် (၇) စင်းအထိ အသုံးပြုခဲ့သည်ဟုလည်း KIA ဖက်ကဆိုသည်။

စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIA အား အပိုင်းလိုက် ချေမှုန်းရန် ကြိုးစားရာမှ အကျအဆုံးများပြီး အောင်မြင်မှု မရခဲ့ကြောင်း သုံးသပ်ပြောဆိုသည်။ ထို့အပြင် KIA တပ်ဖွဲ့ဝင်များအား ရှေ့တန်းစစ်မျက်နှာတွင် စစ်ပန်းစေရန် မြူဆွယ်ထားပြီး ဌာနချုပ် လိုင်ဇာအား ပြင်းထန်သည့် ထိုးစစ်ဆင်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။

Most read this week