နိုင်/ကျဉ်း အပေါ် ကန့်သတ်မှုများ ပယ်ဖျက် ပေးစေလို

နိုင်/ကျဉ်း အပေါ် ကန့်သတ်မှုများ ပယ်ဖျက် ပေးစေလို
by -
ရွှေဟင်္သာ

လွှတ်ပေး ပြီး နိုင်/ကျဉ်း များအပေါ် ထားရှိသည့် ကန့်သတ်ချက်နှင့် သတ်မှတ် စောင့်ကြည့် ကာလများ၊ ခွဲခြား ဆက်ဆံ မှုများကို ပယ်ဖျက် ပေးရန်နှင့် ကျန်ရှိ နိုင်/ကျဉ်း များကိုလည်း ခြွင်းချက် မရှိ လွှတ်ပေး သင့်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်မှ ပြောသည်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင် (ဓါတ်ပုံ - ကိုတိတ်နိုင် Facebook)

“နိုင်/ကျဉ်း တွေကို စောင့်ကြည့် ကာလ ထားတယ်၊ ဗီဇာ၊ ခရီးသွား လက်မှတ်၊ ရှေ့နေ လိုင်စင်၊ ကျောင်းပြန် တက်ခွင့် တစ်ချို့ ထုတ်ပေးပြီး တစ်ချို့ မပေးဘူး၊ အကန့်အသတ် ထားမယ် ဆိုရင်လဲ တပြေးညီပဲ ထားပေးဖို့ လိုတယ်” ဟု ကိုတိတ်နိုင်မှ ပြောပါသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ကာ ၀ါရှင်တန် အခြေစိုက် National Endowment for Democracy – NED မှ ပေးအပ်သည့် ဒီမိုကရေစီ ဆုကို လက်ခံရယူရန် အတွက် ကနဦး အစီအစဉ် ရှိသော်လည်း အစိုးရမှ နိုင်ငံကူး လက်မှတ် ကန့်သတ်၍ မမျှမတ ထုတ်ပေး ခဲ့၍ အဆိုပါ ဆုသွား ယူမည့် ခရီးစဉ်အား ဖျက်သိမ်း ခဲ့ပါသည်။

အဆိုပါ ဆုပေးပွဲကို အမေရိကန် နိုင်ငံ ဝါရှင်တန်ရှိ NED ၌ ပြုလုပ်မည် ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်တို့ (၅) ဦးအား ဆု ပေးအပ် ချီးမြှင့်ရန် ရှိသည်။ ၄င်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် ကလည်း တက်ရောက်၍ မိန့်ခွန်း ပြောကြား မည်ဖြစ်သည်။

“ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရာကျော် ကျန်နေတဲ့ ကိစ္စ အပေါ်မှာ အစိုးရက သဘောထားမှန်ရင် ဒီကနေ့လည်း လွှတ်ပေး လို့ရပါတယ်၊ လွတ်မြောက် ပြီးတဲ့ လူတွေ ကိုလည်း ခရီးသွားလာခွင့် လက်မှတ်တွေ ကန့်သတ် ထုတ်ပေးနေတာ၊ ခွဲခြားမှုတွေ ရှိတယ်၊ ဒါနဲ့အတူ ဥပဒေဟောင်း တစ်ချို့ တွေကလည်း ကန့်သတ် ချုပ်ချယ် ထားတုန်းပါပဲ၊ အဲဒါတွေကို ထုတ်ပယ်ပေးဖို့ သင့်နေပါပြီ” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးလ်ရောဘတ်ဆန်က ပြောသည်။

သမ္မတနှင့် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် နိုင်ငံ ခရီးစဉ် အတွင်း လွှတ်ပေးခဲ့သည်မှာ ယခု အပတ် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်မြောက် လာသည့် နိုင်/ကျဉ်း များ၏ ထူးခြား ချက်ပင် ဖြစ်သည်။

“သမ္မတက တစ်ကယ် စေတနာ မှန်ရင် တစ်ပွဲသွား တစ်ခါလွှတ်၊ ဟိုအခမ်းအနား တစ်ခါလွှတ် အဲလိုမျိုး လုပ်မယ့်အစား အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသင့် ပါတယ်၊ ဒီလို လုပ်ရင် နိုင်ငံ အတွက်လည်း ဂုဏ်သိက္ခာ ပိုရှိသလို၊ နိုင်ငံတကာရဲ့ ပိတ်ဆို့ မှုတွေလဲ အများကြီး လျော့ကျ သွားနိုင်ပြီး ပပျောက် လောက်နီးပါး ဖြစ်သွားမှာပါ” ဟု ထိုင်းနိုင်ငံ အခြေစိုက် နှိုုင်ငံရေး လှုပ်ရှားသူ ခေါင်းဆောင် တစ်ဦးမှ သုံးသပ် ပါသည်။

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းသား (၅၁၄) ဦး လွတ်ပေး ခဲ့ပါသည်။ ၄င်းအနက် နိုင်/ကျဉ်း (၈၈) ဦး လွတ်မြောက် လာပြီး ဖြစ်သည်ဟု AAPP မှ အတည်ပြုပါသည်။ AAPP မှ ပြုစု ထားသည့် စာရင်းအရ နိုင်ငံရေး အကျဉ်းသား (၃၉၆) ဦး ရှိပြီး အန်အဲလ်ဒီမှ ပြုစု ထားသည့် နိုင်/ကျဉ်း စာရင်းတွင် (၂၈၀) ဦး ရှိကာ စာရင်း နှစ်ခုမှာ ကွာဟလျက် ရှိပါသည်။

AAPP ကမူ နယ်စပ် အခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်း များမှ ပေးပို့သည့် အကျဉ်းသား စာရင်းကိုလည်း ထည်သွင်း ပြုစု ထားပြီး လက်နက် ကိုင်နှင့် လက်နက် မကိုင်သည့် သာမာန် နိုင်ငံရေး အကျဉ်းသား များကိုလည်း ထည့်သွင်း ပြုစု ထားခြင်းကြောင့် ကွားခြား မှုများ ရှိကြောင်း ပြောကြား ခဲ့သည်။

ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးခြင်း ဖြစ်ပြီး လွှတ်မြောက် လာသူ နိုင်/ကျဉ်းများ လှုပ်ရှားမှုဖြင့် နောက်တစ်ခါ ပြစ်ဒဏ်ဖြင့် ပြန်လည် ဖမ်းဆီး ခံခဲ့ရလျှင် ကျန်ရှိ ပြစ်ဒဏ် များကိုလည်း နောက်ကြောင်းပြန် သက်ရောက်မှု ရှိစေ ရမည်ဟု ပါရှိပါသည်။

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အား ၂၀၀၀ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများ စုစည်းပြီး ကို ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ AAPP အဖွဲ့သည် လွတ်လပ်ပြီး အမှီအခို ကင်းသည့် ကိုယ်ကျိုး အတွက်မဟုတ်ပဲ နိုင်ငံရေး အကျဉ်းသား များအတွက် အကူအညီ ပေးရန် ရည်ရွယ်၍ ဖွဲ့စည်း ထားသည့် အဖွဲ့ ဖြစ်သည်။