ပြည်တွင်း ငြိမ်းချမ်းရေး အဖြေ သုံးပွင့်ဆိုင် ဖြစ်ပေ

ပြည်တွင်း ငြိမ်းချမ်းရေး အဖြေ သုံးပွင့်ဆိုင် ဖြစ်ပေ
by -
ရွှေဟင်္သာ

သုံးပွင့်ဆိုင် နည်းဖြင့် တိုင်းရင်းသား အင်အား စုများ၊ ဒီမိုကရေဒီ နိုင်ငံရေး ပါတီ အင်အားစု များနှင့် အစိုးရ ကိုယ်စားလှယ် များမှ ပင်လုံ အခြေခံ ပြည်ထောင်စု ညီလာခံကြီး ကျင်းပ နိုင်မှသာ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိနိုင်မည် ဖြစ်ကြောင်း တိုင်းရင်းသား ညီလာခံကို ဦးဆောင် ကျင်းပ ပေးခဲ့သည့် တိုင်းရင်းသား ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating) မှ ညီလာခံ ကျင်းပရေး ဦးဆောင်သူ နိုင်ဟံသာက ပြောပါသည်။

တိုင်းရင်းသား ညီလာခံ ကျင်းပရေး ဦးဆောင်သူ နိုင်ဟံသာအား (၆၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား၌ တွေ့ရစဉ်
“ကျနော်တို့ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့က ပြုလုပ် သွားတဲ့ တိုင်းရင်းသား ညီလာခံက ပြီးစီး သွားပြီ၊ အဲဒီ ညီလာခံက ချမှတ် ထားတဲ့ လုပ်ငန်းစဉ် (၆) ချက်ရှိတယ်။ အဲဒီ လုပ်ငန်းစဉ် (၆) ချက် အထဲမှ  နံပါတ် (၅) ချက်ထဲမှာ အင်အားစု သုံးစု ပါဝင်တဲ့ သုံးပွင့်ဆိုင် ညီလာခံ ပြုလုပ်သွားဖို့ ပါရှိ ပါတယ်။ အဲဒီ အတိုင်း လုပ်ဆောင် သွားမှသာ ပြည်တွင်း ငြိမ်းချမ်းရေး ပေါ်ပေါက် လာမှာပါ ”  ဟု ဆိုပါသည်။

ဤညီလာခံ ကျင်းပရေး ကော်မတီသည် သြဂုတ်လ (၂၃) ရက်နေ့တွင် ညီလာခံ ကျင်းပရေး မူကြမ်း တစ်ရပ်ကို ရေးဆွဲ ခဲ့ပြီး တိုင်းရင်းသား ဒေသ အသီးသီးသို့ သွားရောက်ပြီး အမြင်ဖလှယ် ပွဲများ ကျင်းပ ခဲ့ပါသည်။ ထို့နောက် တွင်မှ လက်ရှိ ပြီးစီး ခဲသော တိုင်းရင်းသား လူမျိုးများ ညီလာခံကို စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ အထိ (၃) ရက်တာ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

ထိုညီလာခံသည် တိုင်းရင်းသား ကိုယ်စားလှယ် ပေါင်းစုံ (၁၃၀) ဦးကျော် တက်ရောက် ခဲ့ပါသည်။ တရား မျှတပြီး စစ်မှန်သော ငြိမ်းချမ်း ရေးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် အဆင့် (၃) ဆင့်ပါသော ငြိမ်းချမ်းရေး စီမံချက်နှင့် အကောင် အထည်ဖော် လမ်းပြမြေပုံ (၆) ဆင့်တို့ကို အတည်ပြု ရေးဆွဲ ချမှတ် နိုင်ခဲ့သည်။

ပြည်ထောင်စု အစိုးရ၏ အချက် (၈) ချက်ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည် တရား မျှတပြီး စစ်မှန်သော ငြိမ်းရေးကို ဖော်ဆောင် နိုင်မည် မဟုတ်သဖြင့် အချက် (၆) ချက်ပါ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဤညီလာခံ ကြီးမှ ချမှတ်ခဲ့ ရသည်ဟု ဆိုပါသည်။

တိုင်းရင်းသားများ ဘက်မှ အားလုံး လက်ခံနိုင်သည့် ငြိမ်းချမ်းရေး စီမံချက်များ ရေးဆွဲ နိုင်ရေးနှင့် ဆုံးရှူံးနေသည့် တိုင်းရင်းသား အခွင့်အရေးများ ပြန်လည် ရရှိရန် အားလုံး လက်ခံ နိုင်သည့် ဘုံ သဘောတူညီချက် တစ်ခု ရရန် ရည်ရွယ်၍လည်း ဤညီလာခံ၏ ကျင်းပ ရသည်ဟု ညီလာခံ ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

“ကျွှန်တော်တို့ တိုင်းရင်းသားတွေ ဘက်က အားလုံး သဘောတူ ချမှတ်ပြီး ရရှိလာတဲ့ အချက်တွေကို ထုတ်ပြန် ထားပြီး ဖြစ်ပါတယ်၊ ဒီအစီအစဉ်နဲ့ အစိုးရရဲ့ အစီအစဉ်ကို ညှိရ အုံးမှာပါ ၊ ဒီညှိ တာ ကလည်း ပြည်တွင်း နိုင်ငံရေး ဆွေးနွေးပွဲရဲ့ အစပဲလို့ ပြောလို့ ရပါတယ်၊ ကျွှန်တော်တို့ ဘက်ကလည်း တရားသေ သတ်မှတ်ချက် မထားပါဘူး၊ အဲလိုပဲ အစိုးရ ဘက်ကလည်း တရားသေ သတ်မှတ် ထားလို့လည်း မရပါဘူး” ဟု ခွန်ဥက္ကာမှ ပြောသည်။

စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ် လာရေး အတွက် တိုင်းရင်းသား တို့ဘက်မှ စတင် လက်ဦးမှု ရယူ  ခဲ့သည်ဟုလည်း သုံးသပ် သူများက ခန့်မှန်း နေကြပါသည်။

၂၀၁၂၊ ဇွန်လ (၄) ရက် နေ့တွင် တိုင်းရင်းသား အဖွဲ့စည်းများ ဖြစ်သော UNFC အဖွဲ့အစည်း အပါဝင် အခြားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ စုစုပေါင်း (၁၉) ဖွဲ့ ပူးပေါင်းပြီး တိုင်းရင်းသား လူမျိုးများ ညှိနှိုင်း ဆွေးနွေးပွဲ တရပ်ကို (၂) ရက်ခန့် ကျင်းပ ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲ တွင်း၌ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (WGEC) အဖွဲ့ဝင် (၁၄) ဦးကို ရွေးချယ် ဖွဲ့စည်း ပေးခဲ့သည်။ ဤအဖွဲ့သည် တိုင်းရင်းသား ညီလာခံ တရပ်ကျင်းပ နိုင်ရန် ပြီးခဲ့သည် ဇူလိုင်လ တွင်းက စတင် လှုပ်ရှားမှုများ ပြုလုပ် လာကာ အဖွဲ့ဝင် (၁၀) ဦးပါ ကျင်းပရေး ကော်မတီ တစ်ရပ်ကို စတင် ဖွဲ့စည်း ခဲ့ပါသည်။

မြန်မာ့ နိုင်ငံရေးသည် (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဖြင့်သာ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်း ရေးကို ရရှိနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတကာမှ နှစ်ပေါင်း များစွာ ကတည်းကပင် အဆိုပြု ထားခဲ့ပြီး ဖြစ်သည်။