KIA ဖမ်းမိသော စစ်သုံ့ပန်းထဲက ကလေး စစ်သားများကို ILO လက်ခံမည်

KIA ဖမ်းမိသော စစ်သုံ့ပန်းထဲက ကလေး စစ်သားများကို ILO လက်ခံမည်
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) မှ စစ်ပွဲ အတွင်း ဖမ်းမိထားသော အစိုးရ စစ်သုံ့ပန်း ထဲက အသက် မပြည့်သော ကလေး စစ်သားများကို ILO က လက်ခံပြီး ကလေး မိဘများထံ ပြန်ပို့ရေး အတွက် KIA နှင့် အစိုးရကို ဆွေးနွေးနေသည်ဟု ILO ၏ ရန်ကုန်ရုံး ဆက်သွယ်ရေး အရာရှိ Mr.Steve Marshall က ဆိုပါသည်။

မြန်မာ စစ်တပ်ထဲက ကလေး စစ်သားများ လွှဲပြောင်းပေးခြင်း အခမ်းအနား

“ KIAမှာ ရှိတဲ့ ကလေး စစ်သား သုံ့ပန်း ကတော့ (၁၀) ဦးခန့် ရှိမယ်လို့ စာရင်း ရထား ပါတယ်။ အဲဒီ ကိစ္စကို နှစ်ဖက် စလုံးနဲ့ ဆွေးနွေး နေဆဲပဲ ရှိပါသေးတယ်၊ ဒီကိစ္စ အစိုးရနဲ့ ကေအိုင်အိုကို ဆက်သွယ်ပြီး လုပ်ဆောင်နေပါတယ်၊ တိုးတက်မှုကတော့ တစ်စုံတစ်ရာ အခြေအနေကို ရနေပြီလို့တော့ ပြောနိုင်ပါတယ်ခင်ဗျ၊ ဒါပေမယ့် နှစ်ဖက် အဆင်အပြေဆုံး ဖြစ်အောင်တော့ ကျွှန်တော်တို့ ဆောင်ရွက် နေပါတယ်။ ဒါကလည်း ကျွှန်တော်တို့နဲ့ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ကလေး စစ်သား ပပျောက် ရေးမူ ပေါ်မှာ အခြေခံပြီးတော့ ပြောတာပါ” ဟု ဆိုပါသည်။

သုံ့ပန်းထဲက ကလေး စစ်သား လက်ခံသည့် ကိစ္စကိုလည်း အစိုးရ အနေနှင့် ကန့်ကွက် လိမ့်မည် မထင်ကြောင်း Mr.Steve Marshall  က ဆိုပါသည်။ ကလေး စစ်သား ပပျောက်ရေးနှင့် ပတ်သက်ပြီး ILO သည် အစိုးရနှင့် လက်မှတ် ရေးထိုး ထားပါ သည်။ အစိုးရသည်လည်း ဤပေါ်လစီကို တက်တက် ကြွကြွ အကောင် အထည် ဖော်နေသည့် အနေအထား၌ ရှိနေသည့် အတွက် ဤကိစ္စ၌ အစိုးရမှ ကန့်ကွက်လိမ့်မည် မဟုတ်ကြောင်း ဆိုခဲ့ခြင်းဖြစ်ပါသည်။

ILO သည် ထိုသုံ့ပန်း ကလေး စစ်သားများကို လက်ခံပြီး ၄င်းတို့ကို စစ်တပ်မှ တရားဝင် နှုတ်ထွက်ခွင့်ပေးစေပြီး မိဘနေရပ်ထံ ကို လုံလုံခြံုခြံုနှင့် ပြန်ပို့ပေးနိုင်ရန် ကူညီလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ 

ကလေး စစ်သား သုံ့ပန်းများသည်၊ ရှေ့တန်း၌ အဖမ်း ခံခဲ့ရသည့် အတွက် အစိုးရ စစ်တပ်က စစ်ဥပဒေအရ အရေး ယူနိုင်ဖွယ်ရာ ရှိနေပါသည်။ ဤအချက်ကြောင့် ကလေး စစ်သားများက အိမ်ပြန် လိုသော်လည်း ကြောက်ရွ့ံ စိုးရိမ်မှုများ ရှိနေသည်ဟု KIA က ဆိုပါသည်။ ILO အရာရှိကမူ ဤသို့ဖြစ်၍ မရကြောင်း၊ ကလေး စစ်သားဆိုသည်မှာ အသက်ပြည့် စစ်သားများလို ဥပဒေ အရ အရေးယူ၍ မရသည့် အနေအထားဟု ILO အရာရှိ Mr.Steve Marshall က ဆိုပါသည်။

 ယင်းကလေး စစ်သား သုံ့ပန်းများကို ILO မှ လက်ခံ ရရှိပါက ၄င်းတို့၏ မိဘ နေရပ်ထံကို လုံလုံခြံုခြံု ပြန်ပို့ပေးရန်အပြင် ၄င်းတို့၏ ဘဝများပြန်လည် ထူထောင်ရေး အပါ၀င် အခြား လူမှုရေး ကိစ္စများကိုလည်း UNICEF အပါ၀င် အခြား အဖွဲ့များနှင့် ပြန်လည် ချိတ်ဆက်ပြီး လုပ်ဆောင်ပေးရန် ရှိပါသည်။

KIA သည် ၄င်းတို့ ဖမ်းဆီး ရမိထားသော စစ်သုံ့ပန်း အယောက် (၄၀) ခန့်ကို လက်ခံပေးရန် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များအား မေတ္တာ ရပ်ခံထားပါသည်။ http://phophtaw.org/burmese/index.php/news/local-news/1868--kia-.html
ဤသို့ကြောင့် ILO သည် သု့ံပန်း အရေးထက် အစိုးရနှင့် သဘော တူထားသော ကလေး စစ်သား ကိစ္စကိုသာ လက်ခံဖြေရှင်း ရန် ဖြစ်လာခဲ့ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2090--ilo--.html

အစိုးရ ဖက်ကလည်း မိမိတို့ တပ်ထဲတွင် ကလေး စစ်သား မရှိသလောက် နီးပါး ဖြစ်နေပြီးဟု စက်တင်ဘာလ (၃) ရက်နေ့၌ မြန်မာ့ တပ်မတော်ရှိ ကလေး စစ်သား (၄၂) ဦးကို နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးပြီး မိဘ အုပ်ထိန်းသူများထံလွှဲ ပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးရှိ အမှတ် (၁) စစ်ကြောရေး စခန်း၌ ကျင်းပစဉ် ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

ILO သည် ကလေး စစ်သားနှင့် ပါတ်သက်ပြီး၊ ပြဌာန်းချက် Convention 138 ဖြင့် ပြဌာန်း ထားပါသည်။ ဤပြဌာန်း ချက်ထဲ၌ ကလေး စစ်သား အရာထဲတွင် အသက် အန္တရာယ် အရှိဆုံးနှင့် အဓမ္မ ခိုင်းစေမှုများကို ပြင်းထန်စွာ ကန့်ကွက် ထားပါသည်။ ဤအချက်ကို ILO အဆင့်မြင့် ခေါင်းဆောင် များသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ မြန်မာ နိုင်ငံ ခရီးစဉ်၌ မြန်မာ အစိုးရနှင့် ဆွေးနွေး ခဲ့ပါသည်။

ILO နှင့် သဘော တူညီချက်ထဲ၌ (၃) နှစ်အတွင်း ကလေး စစ်သား ပပျောက်ရန် အသေးစိတ် စီမံကိန်းချပြီး ဆောင်ရွက်ပေး မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘော တူခဲ့ကြောင်း ILO ဖက်က ဆိုပါသည်။

သို့သော် KIA ဖမ်းဆီး ရမိထားသော စစ်သုံ့ပန်း များထဲ၌ အသက် မပြည့်သေးသော ကလေး စစ်သားများ ပါရှိနေသဖြင့် ရှေ့တန်းများ၌ ကလေး စစ်သားများကို အသုံးပြုနေဆဲဟု ဆိုနိုင်ပါသည်။ ILO သည် အစိုးရနှင့် သဘော တူညီချက်အတိုင်း (၂၀၁၅) ခုနှစ် ၌ ကလေး စစ်သားများ မပပျောက်ခဲ့သော် ကုလ သမဂ္ဂ အနေနှင့် ပြင်းထန်စွာ အရေးယူရန် ရှိနေပါသည်။

ဤခံဝန်ချက်ဖြင့် အစိုးရသည် ကလေး စစ်သားများ မိဘထံ ပြန်အပ်ပွဲများ ကျင်းပ နေရခြင်း ဖြစ်ပါသည်။ ကလေး စစ်သား နှင့် ပတ်သက်သော အချက်အလက် များကိုလည်း မည်သူ မဆို ILO ရုံးသို့ တိုင်ကြား နိုင်ကြောင်း ထုတ်ပြန် ထားပါသည်။