SSPP နှင့် တင်းမာနေမှုကို ဦးအောင်မင်းဆွေးနွေး

SSPP နှင့် တင်းမာနေမှုကို ဦးအောင်မင်းဆွေးနွေး
by -
ရွှေဟင်္သာ

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရတို့သည်၊ တိုက်ပွဲ အခြေအနေကြောင့် အပြန်အလှန် အကြမ်းဖက် ကြရာမှဖမ်း ဆီးထားကြသော သုံ့ပန်းများကို လဲလှယ်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖမှ ရွှေဟသာင်္ သတင်းဌာနသို့ ပြောပါသည်။

SSPP အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့စဉ်က
“သူတို့က ကျွှန်တော်တို့ ရဲဘော်တွေကို ဖမ်းတယ်၊ ကျွှန်တော် တို့က သူတို့ ဗိုလ်ကြီး တစ်ယောက်နဲ့ ရဲဘော်တယောက်ကို ဖမ်းတယ်၊ အဲဒါကို အလဲအလှယ်လုပ်ဖို့ လာပြောတာပါ၊ ကျနော်တို့ကလည်း သဘောတူလို့ သူတို့လူ နှစ်ဦးကို ပြန်လွှတ် ပေးလိုက်ပါတယ်” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖမှပြောပါသည်။

အစိုးရဖက်မှ ပြန်လွှတ်ပေးလိုက်သော သူများမှာ သြဂုတ်လ (၂၃) ရက်နေ့က SSPP အမာခံဟု အစိုးရက ယူဆပြီး ဖမ်းဆီးထားသော  ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်းစံကျေးရွာအုပ်စုမှ ရွာသူကြီးနှင့် ရွာသား(၁၀) ဦးထဲမှ (၆)ဦးကို ပြန် လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

အလားတူ SSPP ဘက်မှ ပြန်လွှတ်ပေးလိုက်သော သူများမှာ သြဂုတ်လ (၃၁) ရက်နေ့က ဖမ်းဆီးထားသော ခမရ ၃၂၂ မှ ဗိုလ်ကြီး သက်စိုးနှင့် တပည့် တစ်ဦးဖြစ်ပါသည်။ 

အဆိုပါ ညှိုနှိုင်းပွဲကို လားရှိူးမြို့ရှိ အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းရုံး၌ ပြုလုပ် ခဲ့ပြီး အစိုးရ ဘက်မှ ဝန်ကြီး ဦး အောင်မင်း ဦးဆောင် ဆွေးနွေးခဲ့ပြီး SSPP ဘက်မှ ဗဟို ကော်မတီဝင် ဂျွန်နော်လစ် ဦးဆောင်သည့် ကိုယ်စားလှယ် နှစ်ဦး က သွားရောက် တွေ့ဆုံခဲ့ပါသည်။

SSPP နှင့် အစိုးရ တို့သည် ၂၀၁၂ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေးကို သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း တိုက်ပွဲပေါင်း အကြိမ် (၄၀) နီးပါး ဖြစ်ပွားခဲ့ပါသည်။ ဤတိုက်ပွဲများသည် အစိုးရတပ်မှ အကြောင်း မကြားဘဲ တမင် ၀င်ရောက် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု SSPP ကဆိုပါသည်။ ထို့အပြင် ရာဇသံ (၃) ကြိမ် ပေးပြီး တပ် ဆုတ်ခိုင်း ခဲ့ခြင်းကိုပါ လုပ်လာသည့်အတွက် SSPP သည် ဤကိစ္စများကို ဖြေရှင်းရန် ဆက်ဆံရေး ရုံးမှ တဆင့် တင်ပြထား သော်လည်း အစိုးရဖက်က တုန့်ပြန်မှု မရှိခဲ့ရာမှ အပြန်အလှန် ဖမ်းဆီးမှုများ ဖြစ်လာခဲ့ပါသည်။

 ဤကဲ့သို့ ဖြစ်လာခဲ့ရခြင်းသည် အစိုးရ၏ ဂတိမတည်မှုကြောင့်ဟု SSPP ကဆိုပါသည်။ သို့သော် ဦးအောင်မင်းသည် SSPP နှင့်တိုက်ပွဲ ဖြစ်ပွား ခဲ့ရခြင်းမှာ ဆက်ဆံရေးရုံး ထားရှိမှု မရှိသေးခြင်း၊ တပ်နေရာချထားမှု မရှိသေးခြင်း တို့ကြောင့် ဖြစ်ရသည်ဟု သြဂုတ်လ (၂၀) ရက်နေ့က မိုင်းရဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟတ်၏ မေးမြန်းချက်ကို အထက်ပါ အတိုင်း လွှတ်တော်၌ ဖြေကြား ခဲ့ပါသည်။

အမှန်တကယ် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်၌မူ နှစ်ဖက်တပ်များ လက်ရှိ ရောက်နေသည့် နေရာ၌စခန်းချ နေထိုင်ကြ ရန်ယာယီ သဘောတူ ထားပါသည်။ ဆက်ဆံရေး ရုံးကိုလည်း တောင်ကြီးနှင့် လားရှိူး၊ မြို့များ၌ တရားဝင် ဖွင့် လှစ်ထားခဲ့ပါသည်။

အစိုးရ သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များကို လျစ်လျူရှခဲ့သလို လွှတ်တော်သို့လည်း အခြေအနေမှန်ကို မတင်ပြကြပေ။ ဤသို့ကြောင့် လက်ရှိ အစိုးရသစ်၏ မူဝါဒနှင့် ၀န်ကြီးများ၏ အကောင်အထည်ဖေါ် လုပ်ဆောင်နေမှုသည် နည်းလမ်းမှန် မဖြစ်နိုင်ကြောင်း ဝေဖန်သူများက ဆိုပါသည်။