လိုင်ဇာအနီး 105 မမ ရောက်နေပြီးဖြစ်ကြောင်း သမ္မတအား အကြောင်းကြား

လိုင်ဇာအနီး 105 မမ ရောက်နေပြီးဖြစ်ကြောင်း သမ္မတအား အကြောင်းကြား
by -
ရွှေဟင်္သာ

ယမန်နေ့ ညနေ (၆) နာရီခွဲ ခန့်တွင် မြစ်ကြီးနား၊ ဗန်းမော် လမ်းပိုင်းမှ ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ တပ်ဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIA)  တပ်မဟာ (၅) ဧရိယာ လိုင်ဇာ ဌာနချုပ် အနီးရှိ လဂျားယန်း ကျေးရွာသို့ (၁၀၅) မမ ဟောဝစ်ဇာ အမြှောက်ဖြင့် ပစ်ခတ် လိုက်သည်ဟု KIA ပြောခွင့် ရသူ ဦးလာနန်းက ပြောပါသည်။

၁၀၅ မမ ဆိုသည်မှာ အဝေးပစ် စခန်းသိမ်း ဟော်ဝစ်ဇာ အမြောက် အမျိုးအစားဖြစ်ပါသည်
“ မနေ့ညနေ (၆း၃၀) နာရီလောက် ရှိမယ်။ (၁၀၅) မမနဲ့ (၃) လုံး လှမ်းပြီး ပစ်တယ်။ လဂျားယန်း နားကျတာပေါ့။ မထိရောက်ပါဘူး။ သဘောက (၁၀၅) မမတွေ လိုင်ဇာအနီးကို ရောက်လာပြီး၊ ဒါနဲ့ အစမ်း ပစ်လိုက်တာ ထင်ပါတယ်။ ပေါက်ကွဲအသံက တော့လိုင်ဇာမှာ နေတာတောင် ကြားနေရတယ်။ လဂျားယန် ဆိုတာကလည်း လိုင်ဇာအထွက်ရဲ့ ဂိတ်ပေါ့။ ၁၀၅ မမ ကဆို ရင် ၁၅ ကီလိုမီတာ လောက်ပြေးမယ် ထင်တယ်။ ဒီတော့ အခြေအနေကတော့ တင်းမာတယ်လို့ ပြောရမှာပေါ့ခင်ဗျာ ” ဟု ဆိုပါသည်။

လဂျားယန် ကျေးရွာသည် လိုင်ဇာ ဌာနချုပ်နှင့် ပျမ်းမျှ (၄) မိုင်ခန့်သာ ရှိပြီး ဤနေရာသို့ အစိုးရ၏ (၁၀၅) မမ ဟော်ဝစ်ဇာ အမြောက်အများ ရောက်ရှိနေပြီး ဖြစ်ကြောင်းကို ဖေါ်ပြနေပါသည်။ ဟော်ဝစ်ဇာ အမြောက်၏ ထိရောက်မှုသည် စခန်းသိမ်း တိုက်ပွဲကြီးများတွင် အစိုးရ သုံးနေကျ လက်နက်ကြီးထဲက ပါ၀င်လေ့ ရှိပါသည်။ 1994 ခုနှစ် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ စခန်းများကို သိမ်းပိုက်စဉ် တုန်းကလည်း (120) မမများနှင့် အတူ (၁၀၅)မမ များကို အထူး အသုံးပြုခဲ့ပါသည်။

ဤသို့ကြောင့် ယမန်နေ့က အစမ်းသဘောဖြင့် ပစ်ခတ်လိုက်သည့် (105) မမသည်၊ KIA ဌာနချုပ်ကို သိမ်းပိုက်ရန် ပြင်ဆင် မှု တခုဟု KIA ဖက်က မှတ်ယူပါသည်။ (105) မမ၏ ကျည်ဆံများ အပါ၀င် လူအင်အား၊ လက်နက်အင်အား နှင့်ရိက္ခာများ ကိုလည်း လေကြောင်းဖြင့် ပို့ဆောင်ပေးလျက် ရှိသည်ကို သမ္မတ ကိုယ်တိုင်ကပါ တိုင်းရင်းသား ရေးရာ ၀န်ကြီး များနှင့်တွေ့ ဆုံပွဲ၌ အတည်ပြုပြောကြားခဲ့ပြီး ဖြစ်ပါသည်။

 “သဘောက KIA ကို စိတ်ဓါတ် စစ်ဆင်ရေး လုပ်လိုက်တာပေါ့ဗျာ၊ ပြီးတော့ OP သဘောလည်း ပါတယ်။ OP ဆိုတာက သူတို့ ပစ်လိုက်တဲ့ကျည်ဟာ ဘယ်နေရာကျလဲဆိုတာ တကယ်လို့ KIA ဖက်က မီဒီယာကနေ ထုတ်ပြောရင် ဒါဟာ စစ်ရေး အရ OP လို့ ခေါ်ပါတယ်။ နေရာ အတိအကျ သိသွားရင် အဲဒါကို စံထားလို့ရပြီးပေါ့။  ဘာကြောင့် လဲဆိုတော့ လက်နက်ကြီး ကျတဲ့နေရာဟာ အစိုးရ တပ်ဖွဲ့တွေ ရှိတာမှ မဟုတ်တာ။ ကျနော်တို့ ထုတ်ပြောမှ သိနိုင်တဲ့ အချက် ဖြစ်နေလို့ပါ။ ဒီနည်းကိုလည်း အစိုးရတပ်ကလည်း သွယ်ဝိုက်စွာ သုံးတတ်ပါတယ်” ဟု KIA တပ်မှူး တဦးက ဆိုပါသည်။

(၁၀၅) မမ ဟော်ဝစ်ဇာ အမြောက်ကြီးကို ယခင် မေလ တုန်းကလည်း ဒုတိယအကြိမ် စစ်ရေးမြှင့်တင်မှုမှာ အစိုးရဖက်မှ အ သုံးပြုခဲ့သည်ဟု KIA ဖက်မှ ပြောပါသည်။ ထိုအချိန်တုန်းက ပစ်ခတ်မှုများသည် အတော်ပင် ပြင်းထန်မှု ရှိခဲ့သော်လည်း ထိ ရောက်မှု မရှိခဲ့ကြောင်း ဆိုပါသည်။ အကြောင်းမှာ (၁၀၅) မမသည်၊ စခန်းသိမ်း တိုက်ပွဲများ၌ ထိရောက် ခဲ့သော်လည်း ပျောက် ကျားစစ်ဆင်မှုတွင် ထိရောက်မှု မရှိပေ။ ဤသို့ကြောင့် အစိုးရ တပ်ဖွဲ့သည် မေလက (၁၀၅)မမကို သုံးခဲ့သော်လည်း နောက်ပိုင်း၌ ရပ်နားခဲ့သည် ဟု KIA ဖက်မှ ပြောပါသည်။

ယမန်နေ့က ပစ်လိုက်သော (၁၀၅) မမသည် ကချင်ပြည် လွတ်လပ်ရေး (KIA) ၏ ဌာနချုပ်အား သိမ်းပိုက်ရန် အစိုးရ တပ်ဖွဲ့မှ ပြင်ဆင်မှု ပြီးစီးနေပြီးဖြစ်ကြောင်း ပြသရာ ရောက်သည့် အတွက် ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်၏ လွှတ်တော်သို့ တင်ပြချက်သည်၊ မှားယွင်းနေသည်ဟု  ဝေဖန်သူများက ဆိုပါသည်။

 ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က သမ္မတသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ကချင် ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှ အပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကေအိုင်အေ တပ်စခန်းများအား၊ ချီတက် ထိုးစစ်ဆင်တိုက် ခိုက်ခြင်း၊ မပြုလုပ်ရန် ညွှန်ကြား ခဲ့ပါကြောင်း၊ သမ္မတ၏ ညွှန်ကြားချက် အပေါ် တပ်မတော်က တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်းဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီးက လွှတ်တော် အမတ် တဦး၏ အမေးကို တင်ပြ ရှင်းလင်းခဲ့ပါသည်။

http://www.mrtv3.net.mm/newpaper/79newsm.pdf စာမျက်နှာ (၂၀)တွင် ဖတ်ရှု နိုင်ပါသည်။
KIA နှင့် အစိုးရ တပ်ဖွဲ့တို့သည် စက်တင်ဘာ လဆန်းမှ စပြီး စက်တင်ဘာ (၉) ရက်နေ့ အထိ တိုက်ပွဲပေါင်း အကြိမ်(၃၀) ထက်မနဲ ဖြစ်ပွားခဲ့ပြီး တဖြည်းဖြည်း ပြန်လည်များပြား လာခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။ ဤအခြေအနေကို ထောက်ရှုလျှင် အစိုးရသည် လွှတ်တော်၌ တမျိုးပြောပြီး၊ လက်တွေ့၌တဖုံ ကျင့်သုံးနေပုံရပါသည်။ ဤသို့ကြောင့် သမ္မတ အပါ၀င် ၀န်ကြီး များ၏ မူများ၊ စကားများ၊ ဂတိများနှင့် စည်ကမ်းများသည် ယုံကြည်လောက်စရာ မရှိကြောင်း အများမှ ထောက်ပြနေခြင်း ဖြစ်ပါသည်။