ကရင်နီ ဘုံ စာပေ တခု ဖြစ်ပေါ်ရန် KNPP ကြိုးပမ်း

ကရင်နီ ဘုံ စာပေ တခု ဖြစ်ပေါ်ရန် KNPP ကြိုးပမ်း
by -
ရွှေဟင်္သာ

ကရင်နီ လူမျိုးများတွင် စာပေ (၃) မျိုးဖြစ်နေရာ တခုထဲဖြစ်ရန် သင်ကြားရေး၌ အစိုးရနှင့် ထပ်မံ တွေ့ဆုံဆွေးရန် အစီစဉ်ရှိ ကြောင်း၊ ပြောရေးဆို ခွင့်ရှိသူ ကရင်နီတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်ဆန်းမြင့်က ဆိုပါသည်။

Kareni_009o_thumb
“နောက်တခါ အစိုးရနှင့် ထပ်တွေ့ရင် အဓိက ဆွေးနွေးမှာက ကရင်နီ စာပေ သင်ကြားရေးနဲ့ တပ်နေရာ ချထားရေး ကိစ္စဘဲ ဆွေးနွေးစရာ ရှိပါတယ်။ အဲဒီထဲမှာ ကရင်နီ စာပေ သင်ကြားရေးကို အသေးစိပ် ဆွေးနွေးမဲ့ အစီစဉ်ရှိပါတယ်” ဟု ဆိုပါ သည်။

ကရင်နီစာ (၃) မျိုးထဲတွင် ဆရာကြီး ထဲဘူးဖဲ ထွင်ထားသည့် ကြက်ယက်ကရင်နီစာ၊ အစိုးရမှ ဗမာစာကို အခြေခံပြီး ထွင်ထားသည့် ကရင်နီစာနှင့် လက်တင် ဘာသာဖြင့်ရေးသော ကရင်နီစာ ဟူ၍ ရှိပါသည်။ ဤစာ (၃) မျိုးထဲမှ တဘာ သာဖြစ်လာရန် လူထု ဆန္ဒ ကောက်ခံသွားမည်ဟု ဆိုပါသည်။ ထို့အပြင် တခုထဲ ဘာသာဖြစ်ရေးအတွက် သင်ကြားရေး အစီစဉ်၌ အစိုးရနှင့်လည်း ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ပါသည်။

ကရင်နီ လူမျိုး၌လည်း ကယား၊ ကယော၊ ကယန်းဟူ၍ လူမျိုးစုကြီး (၃) စု ရှိပြီး လူမျိုးကွဲ (၁၄) ခုရှိသည်ဟု သမိုင်းစာ မျက်နှာများမှ သိရပါသည်။ ၄င်းတို့မှာ-

(၁) ကယားလူမျိုးစုများ

(က) ကယား (ခ) ကယားမိုနု (ဂ) ကယားယင်းတလဲ

​(၂) ကယန်းလူမျိုးစုများ

(က) ကယန်းကဲခေါင် (ပဒေါင်) (ခ) ကယန်းကငန် (ယင်းဘော်) (ဂ) ကယန်း(ဂေခို) (ဃ) ကယန်းလထ/တိယံ (ခေါင်းတို)

​(၃) ကယောလူမျိုးစုများ

(က) ကယော (ဟာဆူ) (ခ) ကယော (ထီဘူးခီ) (ဂ) ကယော (ဗရဲ့ကယော) (ဃ) ကယော (ဆိုခူ) (င) ကယော (ဂါလို) (စ) ကယော (ပကူး) (ဆ) ကယော (ဂဒို) တို့ဖြစ်ပါသည်။

ကရင်နီစာ (၃) မျိုးထဲတွင် ဆရာကြီး ထဲဘူးဖဲစာကို KNPP ကြီးကြပ်သော ဒေသ၌ သင်ကြားကြပြီး၊ အစိုးရ ထွင်စာကိုမူ အစိုးရ ကြီးကြပ်သော ဒေသများ၌ သင်ကြားကြပါသည်။ လက်တင် ဘာသာဖြင့် ရေးသော စာကိုမူ အများအားဖြင့် ဘာ သာရေး စာပေများ၌ ရေးသားကြပါသည်။

“ကျနော်တို့ကတော့ ဒီစာပေ တခုထဲဖြစ်ရေး ဒါမှမဟုတ် (ဘုံ) စာပေ တခုဖြစ်ထွန်းရေးပေါ့ဗျာ၊ ဒါကို လူထုဆန္ဒခံယူပွဲ လုပ်မယ်။ ပြီးရင် သင်ကြားရေးကို အစိုးရနှင့် ညှိနှိုင်းပြီး သင်ကြားဖို့ရှိပါတယ်။ သူ့လူမျိုးစု အလိုက် စာကိုတော့ သူ့တို့ သဘောပါ။ ဘုံစာ တခုဖြစ်ရေးကို ဆောင်ရွက်နေတာဖြစ်တယ်”ဟု ဦးအောင်ဆန်းမြင့်က ဆိုပါသည်။

ဤကိစ္စနှင့် ပါတ်သက်ပြီး မတ်လ၌ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုအဖွဲ့ တွေ့ဆုံစဉ် ဆွေးနွေးတင်ပြခဲ့ပြီး မူအားဖြင့် သဘောတူ ထားခဲ့ပါသည်။ KNPP သည် နောက်ထပ် ဆွေးနွေးပွဲတွင် အသေးစိပ် လုပ် ငန်းများ ထပ်မံ ဆွေးနွေးရန် ရည်ရွယ်ထားပါသည်။