အစိုးရ တပ်တွင်း စစ်ဆင်ရေး အမိန့် နာခံမှု လျှော့ရဲလာ

အစိုးရ တပ်တွင်း စစ်ဆင်ရေး အမိန့် နာခံမှု လျှော့ရဲလာ
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့အား စစ်ဆင်နေသော အစိုးရ တပ်ဖွဲ့ထဲ၌ တချို့တပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။

KIA_00okjmnrgrg

“ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့ တပ်ဖွဲ့တွေရှိသလို ဗဟိုစခန်းနားက ရှေ့တန်းတပ် တွေမှာတော့  တိုက်ပွဲ မရှိတဲ့ နေရာကိုလည်း တိုက်ပွဲရှိနေကြောင်း လိမ်ပြီး သတင်းပို့နေတာ ရှိပါတယ်။ ပြီးတော့ အမြောက်ကြီးတွေ နဲနဲပါးပါးပစ်ပြီး၊ တိုက်ပွဲဖြစ် နေကြောင်း သတင်းပို့နေတာလည်း တွေ့ရတယ်။ ဒါကိုကြည့်ရင်တော့ တပ်ဖွဲ့တချို့ဟာ သူတို့လည်းတော်တော် ဒုက္ခရောက် နေကြလို့ တိုက်ပွဲ ဆက်တိုက် လိုစိတ်တွေ သိပ်ရှိပုံ မပေါ်တော့ဘူးလေ”ဟု ဆိုပါသည်။

သို့သော်လည်း KIA ဗဟို စခန်းဝန်းကျင်၌ တပ်အင်အားများ ဖြည့်တင်းထားပြီး နေ့စဉ် ပစ်ခတ်မှုများ ရှိနေပါသည်။ KIA သည် အစိုးရ တပ်ဖွဲ့ထံ ကျဆုံးသွားသော ၄င်းတို့ စခန်းများ ပြန်လည် ရရှိရန် အပြင်းအထန် တိုက်ခိုက်လေ့ရှိပါသည်။ ထိုအခါမျိုးတွင်လည်း အလွယ်နည်းဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောပါသည်။

ဤအခြေအနေများကြောင့် ဇူလိုင်လ (၂၆) ရက်နေ့တွင် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ကချင်စစ်ဒေသ၌ စစ်ဆင်နေသော စစ်ဗျူဟာမှူးများကိုပါ ခေါ်ပြီး စစ်ဆင်ရေး အရှိန်မြှင့်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အရေးပေါ်အစည်းအ ဝေး ခေါ်ပြီး ညွှန်ကြားခဲ့သည်ဟု ဦးလာနန်းက ဆိုပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် သြဂုတ်လ (၄) ရက်နေ့အထိ လာရောက်ရန်ရှိသော ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနား ခရီးစဉ်ပြီးဆုံးပါက ကချင်ဒေသကို စစ်ဆင်ရေးများ တိုးမြှင့် လာဖွယ်ရှိနေ သည်ဟု လေ့လာသူများက ခန့်မှန်းနေကြပါသည်။

“သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့  တချို့တပ်တွေကတော့ အပြင်းထန် တိုက်ခိုက်လိုတဲ့ စိတ်ရှိပုံ မရဘူး ဆိုပေမဲ့လို့ ကျသွားတဲ့ ကျနော်တို့ စခန်း (၂) ခုကတော့ အခုထိပြန်လည် မသိမ်းပိုက် နိုင်သေးပါဘူး”ဟု ဗဟိုတပ်မှူး တဦးက ဆိုပါသည်။

KIO ၌ အစိုးရသုံ့ပန်း (၄၀)ခန့်ရှိပြီး အစိုးရကို လွှဲပြောင်းပေးဖို့ ငြိမ်းချမ်းရေး အဖွဲ့များကိုပြောသော်လည်း အကြောင်းမပြန်ခဲ့ ပေ။ အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားအား ဖိတ်ကြားခဲ့သလို၊ နော်ဝေးနိုင်ငံမှ စေလွှတ်ထားသော ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် Myanmar Peace Support Initiative (MPSI) အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါ သည်။

ဤကဲ့သို့ ပူးပေါင်း ဆောင်ရွက်နေသည့်ကြားမှ  KIO နှင့် အစိုးရ တပ်ဖွဲ့တို့သည် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှ ယမန်နေ့ ၂၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ကိုးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စတင်တိုက်ပွဲဖြစ်လာခဲ့သည့် တနှစ်ကျော် အချိန်မှ ရေတွက်လျှင် တိုက်ပွဲပေါင်း (၁၆၇၀) ခန့် ရှိခဲ့ပြီး ဖြစ်ပါသည်။