ရုပ်ရှင် လုပ်ငန်းဆိုင်ရာ ပညာရပ်များ လေ့လာရန် ဒါရိုက်တာ လူရွှင်တော် ဦးဇာဂနာ ဦးဆောင်သည့် အဖွဲ့ဝင်များသည် ပြည်ပ နိုင်ငံများသို့ ၁၆-၁၂-၂၀၁၁ ရက်တွင် လေ့လာရေးခရီး စတင် ထွက်ခွာသွား ကြောင်း သိရသည်။
ရုပ်ရှင် လုပ်ငန်းဆိုင်ရာ ပညာရပ်များ လေ့လာရန် ဒါရိုက်တာ လူရွှင်တော် ဦးဇာဂနာ ဦးဆောင်သည့် အဖွဲ့ဝင်များသည် ပြည်ပ နိုင်ငံများသို့ ၁၆-၁၂-၂၀၁၁ ရက်တွင် လေ့လာရေးခရီး စတင် ထွက်ခွာသွား ကြောင်း သိရသည်။ အဆိုပါ လေ့လာရေး ခရီးတွင် ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံများသို့ သွားရောက်၍ ရုပ်ရှင် စတူဒီယိုများ ရုပ်သံသတင်းဌာန များအား လေ့လာမည် ဖြစ်ပြီး ရုပ်ရှင် ဒါရိုက်တာ များနှင့်လည်း တွေ့ဆုံ ဆွေးနွေး မေးမြန်းမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော်အတွက် သွားတာပါ။ ဒီလိုသွားရင်း ဗိုလ်ချုပ် အောင်ဆန်း အတ္တုပ္ပတ္တိ ရိုက်ကူးရန် အတွက်ပါ ရုပ်ရှင် စတူဒီယိုတွေနဲ့ ပတ်သက်တာတွေ လေ့လာသွား မှာပါ။ ကမ္ဘောဒီးယားမှာ မှတ်တမ်း ရုပ်ရှင်ဇာတ်ကား ဘယ်လိုရိုက်လဲ ဆိုတာ သင်တန်းပို့ချတဲ့ Metal Film School ရှိတယ်၊ အဲဒီကို သွားလေ့လာမယ်။ မြန်မာပြည်ကို လာဖို့လဲ ဖိတ်ခေါ်မယ်” ဟု ဦးဇာဂနာက ပြောသည်။
ထို့ပြင် ရုပ်ရှင်သင်တန်း ပို့ချမှုနှင့် ပတ်သက်၍ အမေရိက၊ ပြင်သစ်၊ ဂျာမနီရှိ ပညာရှင်များမှာ ဒီဇင်ဘာလကုန်မှ စ၍ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်၍ အကဲဖြတ် ဒိုင်အဖြစ် ပါဝင်မည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အား ၂၀၁၂ ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများအား New York Film Institute တွင် (၃) လကြာ ရုပ်ရှင်သင်တန်း တက်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အနုပညာ ရှင်များ၏ ဝိုင်းဝန်းကူညီမှုများ အပါအဝင် ပြည်ပနိုင်ငံရှိ ဟန်ဂေရီဖွား ဂျူးလူမျိုး အမေရိကန် ရင်းနှီးမြှုပ်နှံသူ သူကြွယ် တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ်က ဗိုလ်ချုပ် ဇာတ်လမ်းအတွက် တစ်ဦးတည်းငွေကြေး ထောက် ပံ့ရန် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ကြောင်း ပြည်မြန်မာ သတင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။