မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိဒေသခံ ရွာသားများ ၏လယ်ယာခြံမြေများကို သိမ်းယူ ထားပြီး လျော်ကြေး ပေးဆောင်ရခြင်းမရှိသေးဘဲ အမှတ်(၁)စက်မှုဝန်ကြီး ဌာနခွင့်ပြုချက် ဖြင့် တန်ချိန် (၁၀၀၀) ထွက်သည့် ဘိလတ်မြေ စက်ရုံ နှစ်ရုံကိုတည်ဆောက်မည်ဟုနိုင်ငံတော်ပိုင်သတင်းစာ ထဲတွင်ဖေါ်ပြထားပါသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်း ကော့ပနော်ကျေးရွာ အနီးရှိ ပျားတောင်တွင်တည်ဆောက်မည့် ဘိလတ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းကို ပုဂ္ဂလိကကုမ္ပဏီနှစ်ခုဖြစ်သည့်ပီအေစီလင့်ခ်ထရိတ်ဒင်း ကုမ္ပဏီနှင့် ဂျွန်ကုမ္ပဏီတို့ကနေ တာဝန်ယူဆောက်လုပ်သွားမည်ဟုသတင်းစာတွင်ဖေါ်ပြထားပါသည်။
ယခင်ကဦးခင်ရွှေပိုင်ဇေကမ္ဘာကုမ္ပဏီမှ ဘိလတ်မြေစက်ရုံကိုတည်ဆောက်မည်ဟု သတင်းထွက်နေသော် လည်း ပီအေစီလင့်ခ်ထရိတ်ဒင်းကုမ္ပဏီနှင့် ဂျွန်ကုမ္ပဏီတို့မှ စက်ရုံဆောက်လုပ်ခြင်းသည် အဆိုပါကုမ္ပဏီ နှစ်ခုမှာ ဇေကမ္ဘာကုမ္ပဏီနှင့်ဆက်စပ်မှုရှိသလိုအကျိုးတူပူးပေါင်းထားသည်ဟုပြည်တွင်းစီးပွါးရေးသမား တစ်ဦးမှ ပြောသည်။
လယ်ယာမြေအသိမ်းဆည်းခံရသောကျေးရွာသားများအနေနှင့် ဇေကမ္ဘာကုမ္ပဏီမှ ယနေ့တိုင်လျော်ကြေးငွေ မပေးရသေးဟု ကော့ဒွန်းကျေးရွာသူတစ်ဦးမှပြောသည်။
သိမ်းထားတဲ့မြေအတွက်လျော်ကြေးကိစ္စသူတို့မခေါ်သေးဘူး။ ကြားတာက မကြာခင်မှာခေါ်မယ်လို့ ပြော နေကြတယ်။ လယ်ယာရောင်းတဲ့သူတွေကငွေယူမယ်ပေါ့။ မရောင်းချင်တဲ့သူတွေကငွေမယူဘူး လက်မှတ် မထိုးဘူးပေါ့။ သူတို့လက်အောက်မှာနေနေရတယ်ဆိုတော့ တကယ်လို့သူတို့အတင်းသိမ်းယူ မယ်ဆိုရင်လဲ ပေးရတာပေါ့။ ဘာတတ်နိုင်မလဲ။ ကိုယ့်ရဲ့ဘိုးဘွားမိဘပိုင်လယ်ယာမြေတွေဆိုတော့နှမြော တာပေါ့နော်။ အဒေါ်တို့က လယ်(၅)ဧကလောက်သိမ်းခံရတယ်။ ဇေကမ္ဘာကုမ္ပဏီနဲ့မြို့နယ်မြေတိုင်းတွေကတိုင်းသွား တယ်။
(၂၀၁၀)ခုနှစ်တွင် ဇေကမ္ဘာကုမ္ပဏီနှင့် ကျိုက်မရောမြို့နယ်အာဏာပိုင်များမှ ကော့ဒွန်း ကော့ပနော် နှီးတုန် ကျေးရွာသားတို့၏ လယ်ယာခြံမြေဧက(၈၀၀)ခန့်ကို တိုင်းတာသိမ်းယူခဲ့သည်။
ယခုလိုဘိလတ်မြေစက်ရုံတည်ဆောက်ခြင်းအားဖြင့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ်အတွင်း ဒေသခံများ အနေနှင့် အလုပ်အကိုင်ပိုမ်ုရရှိမှာဖြစ်ပြီး ဒေသတွင်းပိုမိုတိုးတက်လာမည်ဟု ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေမှ မီဒီယာတွင်ပြောကြားခဲ့သည်။ လက်ရှိလယ်အသိမ်းခံရွာသားများ၏အခြေအနေကိုမွန်ပြည်လူ့အခွင့်အရေး ဖေါင် ဒေးရှင်း၏တာဝန်ခံနိုင်အွန်းမွန်မှယခုလိုပြောပါသည်။
ဒီလျော်ကြေးကိစ္စကတော့ ရှင်းလို့မရသေးတဲ့ကိစ္စဖြစ်တယ်။ အခကြေးငွေပေးတာရှိသလို တချို့ကလဲ ကျေကျေနပ်နပ် ပေးတာမရှိဘဲနဲ့ဒီအတိုင်းဘဲ ကြောက်ပြီးတော့ဟုတ်လား ဒီကိစ္စတွေကိုမပြောမဆိုဘဲနဲ့ ရေငုံနှုတ်ပိတ်နေတဲ့တောင်သူတွေလဲရှိတယ်။ အများဆုံးပေးတာကတစ်ဧကကို သုံးသိန်းနှစ်သောင်း၊ သုံးသိန်းခွဲ အဲဒီလောက်ပေးပြီးတော့ ကြေအေးစေတာလဲရှိတယ်။ တစ်ဧကကို တစ်သိန်းခွဲလောက်နဲ့ဘဲ တန်ရာတန်ကြေး ဆိုပြီးတော့ အဲဒီလောက်ဖြတ်ထားတာတွေ့ရတယ်။ အားလုံးနီးပါးဟာကြေကြေနပ်နပ်နဲ့ လက်ခံလိုက်တဲ့ အနေအထားမရှိဘူး။ အားလုံးဧကရှစ်ရာနဲ့နှစ်ဆယ့်ငါးဧကလောက်။ တောင်သူတော် တော်များ များဟာ သူတို့မြေပိုင်ရှင်ဘဝကနေ အလုပ်ကြမ်းအလုပ်သမားဘဝ ပြောင်းသွားတယ်လို့ သူတို့အဲဒီလိုဘဲခံစားရတယ်။ အခုဆိုလို့ရှိရင် သူတို့ဟာမြေယာတွေ ဆုံးရှံုးတဲ့သူတွေဖြစ်သွားပြီး။
မွန်ပြည်နယ်ကျိုက်မရောမြို့နယ်ရှိ ပျားတောင်ဘိလတ်မြေစီမံကိန်းစက်ရုံဆောက်ရန့် (၁၉၉၅)ခုနှစ်တွင် မြန်မာစစ်အစိုးရနဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတဆူဟာတိုသားများပိုင်ဆိုင်သည့်ကုမ္ပဏီတို့ သဘောတူညီချက် ရရှိခဲ့ သော်လည်း ၄င်းအစီအစဉ်မှာပျက်ပြယ်သွားခဲ့သည်။ ကော့ဒွန်းကော့ပနော်ရွာအနီးရှိပျားတောင်သည် ဘိလတ်မြေ ထုတ်လုပ်ရန် အကောင်းဆုံးထုံးကျောက်အမျိုးအစားစာရင်းတွင်ပါ၀င်နေသည်ဟုလက်တွေ့ကွင်း ဆင်းလေ့လာခဲ့ ဘူးသူဘူမိဗေဒပညာရှင်တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံအတွက်လိုအပ်နေသည့်ဘိလတ်မြေများကို ထိုင်းနိုင်ငံမှ အများဆုံးဝယ်ယူတင်သွင်းနေရသည်။ လက်ရှိမြန်မာနိုင်ငံတွင်လည်ပတ်နေသည့် ဘိလတ်မြေစက်ရုံစုစုပေါင်း(၁၄)ရုံရှိပြီး နိုင်ငံတော်ပိုင်စက်ရုံအပြင် ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် မက်စ်မြန်မာ ထူး ကမ္ဘောဇ ရွှေတောင်နှင့် ဂျီဖိုး(G-4)အစရှိသည့် မြန်မာအစိုးရနှင့် နီးစပ်သော ကုမ္ပဏီများကသာ လုပ်ဆောင်ခွင့်ရှိနေ သည်ဟု ပြည်တွင်းစီးပွါးရေး လုပ်ငန်းရှင်တစ်ဦးမှပြောပါသည်။