စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကေအဲန်ယူထံ လက်နက်ချ

စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကေအဲန်ယူထံ လက်နက်ချ
by -
နော်အဲဏီ

မြဝတီမြို့နယ် သင်္ကန်းညီနောင် ကျေးရွာ အခြေချသည့် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၆) မှ တပ်သားတစ်ဦးသည် ဖေဖေါ်ဝါရီ(၁၃) နေ့လည်ပိုင်းတွင် သေနတ် တစ်လက်နှင့်အတူ ကေအဲန်ယူထံ ...

မြဝတီမြို့နယ် သင်္ကန်းညီနောင် ကျေးရွာ အခြေချသည့် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၆) မှ တပ်သားတစ်ဦးသည် ဖေဖေါ်ဝါရီ(၁၃) နေ့လည်ပိုင်းတွင် သေနတ် တစ်လက်နှင့်အတူ ကေအဲန်ယူထံသို့ လက်နက်ချခဲ့သည်ဟု ကေအဲန်ယူ စစ်ဘက်အရာရှိ တစ်ဦးမှ ပြောပါသည်။

ခမရ (၃၅၆)တပ်ရင်းမှ တပ်သားသက်နိုင်ဝင်း(၁၉)နှစ် ကိုယ်ပိုင်အမှတ် (တ ၊ ၃၄၈ ၈၄၄)သည် (၂၀၀၆)ခုနှစ်တွင် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ပါသည်ဟုပြောပါသည်။ အဖအမည် ဦးစိန်တင် အမိအမည် ဒေါ်အုန်းတင်ဖြစ်ပြီး ပဲခူးတိုင်း ပဲခူးမြို့ဇာတိဖြစ်ကာ အသက်(၁၄)နှစ်ကျော်ကျော်တွင် တပ်ထဲသို့ ၀င်ရောက် ခဲ့သည်ဟု တပ်သားသက်နိုင်ဝင်း မှပြောပါသည်။ ကလေးအရွယ်ဖြစ်သော်လည်း တပ်သားသစ်စုဆောင်းရေး စခမ်းမှ ငြင်းဆန်ခြင်းမပြုဘဲလက်ခံခဲ့သည်ဟုဆိုသည်။

တပ်သားသက်နိုင်ဝင်းသည် မြဝတီမြို့နယ်သင်္ကန်းညီနောင်မှ ဖလူး၊ဝေါ်လေစစ်မျက်နှာသို့ ရောက်ရှိခဲ့ သည်မှာ (၂)လကျော်ရှိပြီး  အဆိုပါစစ်မြေပြင်တွင်မြန်မာစစ်တပ်မှ ဒီကေဘီအေစခမ်းများကို အကျအဆုံး များစွာကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်ဟုပြောပါသည်။ ၄င်းအနေနှင့်စစ်၏ဒဏ်ကိုမခံနိုင်၍ ထွက်ပြေးလာခဲ့ သည်ဟုဆိုသည်။ ကေအာန်ယူဘက်မှလည်းသူ့ကိုကောင်းမွန်စွာဆက်ဆံကြပြီး ၄င်းအနေနှင့် နယ်စပ်ဘက်တွင် အလုပ်လုပ်ရန်ဆန္ဒရှိကြောင်းပြောပါသည်။

ခမရ (၃၅၆)တပ်ရင်းတွင် တပ်အင်အား(၃၀)သာရှိပြီးဖွဲ့စည်းပုံအရ အင်အားပြည့်မီခြင်းမရှိဟု၄င်းမှ ပြောသည်။ တပ်ရင်းအတွက် ရိက္ခာသယ်ဆောင်ရန် အကျဉ်းသားပေါ်တာ(၂၅၀)ယောက်ခန့် ရှိသည်ဟုလည်း တပ်သားသက်နိုင်ဝင်း မှပြောပါသည်။

ကေအာန်ယူ၊ ဒီကေဘီအေနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်အစိုးရမှ အကျဉ်းသားပေါ်တာ များကိုအသုံးပြုယုံမက ညှင်းပမ်းနှိပ်စက်ခြင်း၊ လေးပင်သောရိက္ခာ ကျည်ဆံများကိုထမ်းခိုင်းခြင်း ထွက်ပြေးသော ပေါ်တာများကိုပစ်သတ်ခြင်းပြုလုပ်ခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာများမှပြောပါသည်။ အလားတူ မြန်မာစစ်တပ်မှလည်း စစ်၏ဒဏ်ကိုမခံနိုင်၍ နယ်စပ်ဘက်သို့၄င်း ကရင်လက်နက်ကိုင်အဖွဲ့များ ထံသို့၄င်း ထွက်ပြေးလာခဲ့သည်မှာများပြားနေသည်ဟု ကေအဲန်ယူ စစ်ဘက်အရာရှိတစ်ဦးမှ ပြောပါသည်။