စစ်ဘေး တိမ်းရှောင် ရွာသားများ ဌာနေသို့ ပြန်လေပြီး

စစ်ဘေး တိမ်းရှောင် ရွာသားများ ဌာနေသို့ ပြန်လေပြီး
by -
ဆူးပန်း
မြန်မာစစ်အစိုးရ၏ ထိုးစစ်ဒါဏ်ကိုစိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ် ခလော့ဟနီဒုက္ခသည်စခမ်းကို ကြိုတင် တိမ်းရှောင်လာသည့် မွန်ပြည်သစ် ပါတီဗဟို ဌာနချုပ်ဝန်းကျင်ဒေသရွာသားများသည် သက်ဆိုင်ရာ မိမိတို့ကျေးရွာ ကိုပြန်သွား...

မြန်မာစစ်အစိုးရ၏ ထိုးစစ်ဒါဏ်ကိုစိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ် ခလော့ဟနီဒုက္ခသည်စခမ်းကို ကြိုတင် တိမ်းရှောင်လာသည့် မွန်ပြည်သစ် ပါတီဗဟို ဌာနချုပ်ဝန်းကျင်ဒေသရွာသားများသည် သက်ဆိုင်ရာ မိမိတို့ကျေးရွာ ကိုပြန်သွားခဲ့ပြီးဟု စခမ်းကော်မီတီများမှပြောပါသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အကြား စစ်ရေးတင်းမာမှု အခြေအနေတွေနဲ့ ပတ်သက်၍ တိတိကျကျ အဖြေမရနိုင်သေးသည့် အချိန်တွင် မိသားစု စားဝတ်နေရေး အခက်အခဲ ကြောင့်သော်၄င်း ရွာတွင်းခြံများ တောင်ယာများ ပြန်လည်စိုက်ပျိုးရန်အတွက် စိုးရိမ်တဲ့ အခြေအနေ အတွင်းမှာပြန်သွား ရသည်ဟု စံခလပူရီကိုခေတ္တရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်တစ်ဦးကနေ အခုလိုပြောပါသည်။

“ပြန်သွားတဲ့သူတွေကတော့ သူတို့ရဲ့ခြံတွေ တောင်ယာတွေကိုစွန့်လွှတ်ပြီးတော့လာခဲ့ရတယ်ဆိုတော့ စိုးရိမ်တဲ့အစိပ်အပိုင်း တွေတော့ ရှိတာ ပေါ့နော်။ သူတို့ကစစ်တပ်ရဲ့ဖမ်းဆီးမှုတွေ ရိုက်နှက်မှုတွေ စိုးရိမ်တာလဲ ရှိတယ်။ ဒါပေမဲ့သူတို့အနေနဲ့တော့ပြန်သာပြန်ရတာ စိုးရိမ်တဲ့စိတ် ကလေးနဲ့ ပြန်ရတာပေါ့နော်။

ကျွန်တော်ကတော့ နောက်မှ အခြေအနေကောင်းမှ ရွာဘက်ကိုပြန်လှည့်ပြီးတော့နေထိုင်မယ်လို့ ကျွန်တော်ကဆုံးဖြတ်ထား တာပေါ့ နော်။ အဲနောက်ပြီးတော့ မွန်ပြည်သစ်ပါတီကလဲပြောတယ်။ ဒီမှာ နေရင်လဲနေလို့ရတယ်။ ပြန်ရင်လဲပြန်လို့ရတယ် လို့ပြောပါတယ်ခင်ဗျာ့။”

ဒုက္ခသည်မိသားစုအများအပြား ဌာနေပြန်သွားကြသော်လည်း စိုးရိမ်မှုအခြေအနေတွေကြောင့် နယ်စပ် ဒုက္ခသည်စခန်းအတွင်း ဆက်လက် နေထိုင်သူ မိသားစုတွေလည်းရှိနေကြသည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူ မြို့နယ်အုပ်ချုပ်ရေးပိုင်း အရာရှိတစ်ဦးမှ ပြောပါသည်။

“လက်ရှိအခြေအနေအရ သိပ်မထူးခြားတဲ့အခါကျတော့ ပြန်ချင်တဲ့အိမ်ထောင်သည်တွေကို ကျွန်တော်တို့ မနေ့ကနေ လိုက်ပို့ပေးပါတယ်ခင်ဗျာ့။ လက်ရှိကျန်နေတာက ဒီခလော့ဟနီမှာဆိုရင်(၁၈)အိမ် ထောင်လောက် ကျန်နေတယ်။ ဗလဲ့ဒွန်ဖိုက်မှာတော့ အိမ်ထောင်စု ၅ စုလောက် ကျန်နေတယ်။”

ကျန်ရှိနေသေးသည့် စစ်ပြေးတိမ်းရှောင်လာသူဒုက္ခသည်အိမ်ထောင်စုများ၏ ရှေ့ဆက်နေထိုင်စား သောက် ရေးကိစ္စအဝဝကို မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီကနေတာဝန်ယူသွားရမည်ဟု မွန်အမျိုး သားကယ်ဆယ် ရေးနှင့်ဖွံ့ဖြိုးရေးတွဲဘက်အတွင်းရေးမှူးမှ အခုလိုပြောပါသည်။

“အခုလောလောဆယ်ဆယ်ကတော့ မေလကုန်တဲ့အထိရိက္ခာထောက်ပ့ံပေးသွားမှာဖြစ်ပါတယ်။ မေလ ကုန်သွားပြီးလို့ရှိရင် ကျွန်တော်တို့ ရိက္ခာ မရှိတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့တစ်ခုစီစဉ်ထားတယ်။ ရိက္ခာပေါ့။ အထူးသဖြင့်ဆန် တစ်မျိုးတစ်ဖုံနဲ့ ကူညီထောက်ပ့ံပေးသွားမယ်လို့ စီစဉ်ထားထားတာရှိပါတယ်။ မပြန်တဲ့လူတွေ အတွက်ကျတော့ မွန်ပြည်သစ်ပါတီက ဗလဲ့ဒွန်ဖိုက်မှာနဲ့ ခလော့ဟနီမှာမြေနေရာ စီစဉ် ပေးထားတာရှိပါတယ်။ ယာယီအိမ်ဆောက်ဖို့ပစ္စည်းနဲ့အရေးပေါ်ပေါ့နော်။ ကူညီထောက်ပ့ံရေးအဖွဲ့အစည်းတစ်ခုကနေပြီးတော့ပလပ် စတစ် အမိုးကို ကူညီသွားမယ်လို့တော့ သဘောတူထားတာရှိတယ်။”

ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကိုလက်မခံငြင်းပယ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ အရေးပေါ်ဗဟိုကော်မီတီ အစည်းအဝေးဆုံးဖြတ်ချက်ကြောင့် စစ်အစိုးရကနေ ထိုးစစ်ဆင်လာမည်ကို စိုးရိမ်ပြီး ဌာနေကျေးရွာသား(၆ဝဝ) လောက်ဟာ ထိုင်းမြန်မာနယ်စပ် ခလော့ဟနီမွန်ဒုက္ခသည်စခမ်းကို ဧပြီလ(၂၂)နေ့ကစပြီး ကြိုတင်တိမ်းရှောင် ရောက်လာခဲ့ခြင်းဖြစ်သည်။

Most read this week