စစ်အစိုးရတပ်နှင့် ပြည်သူ စစ်စခန်းအား မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ စီးနင်းပစ်ခတ်

စစ်အစိုးရတပ်နှင့် ပြည်သူ စစ်စခန်းအား မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ စီးနင်းပစ်ခတ်
by -
မင်းချမ်း
တနင်္သာရီတိုင်းမြောက်ဖက် ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာ ပြည်သူ့စစ်စခန်းနှင့် စစ်အစိုးရတပ်ဖွဲ့ဝင်အချို့အခြေစိုက်ရာ အဆိုပါကျေးရွာရယက ဥက္ကဌနေအိမ်အား MNDA ခေါ် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က တပြိုင်တည်းဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း ၄င်းတပ်ဖွဲ့မှတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဂျလွန်းထောက...

တနင်္သာရီတိုင်းမြောက်ဖက် ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာ ပြည်သူ့စစ်စခန်းနှင့် စစ်အစိုးရတပ်ဖွဲ့ဝင်အချို့အခြေစိုက်ရာ အဆိုပါကျေးရွာရယက ဥက္ကဌနေအိမ်အား MNDA ခေါ် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က တပြိုင်တည်းဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း ၄င်းတပ်ဖွဲ့မှတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဂျလွန်းထောက ကောင်းဝါ သတင်းဌာနသို့ အတည်ပြုပြောကြားပါသည်။

လွန်ခဲ့သည့်ဧပြီလ (၃၀) ရက်နေ့၊ ညပိုင်း(၈) နာရီခွဲအချိန်တွင် (၁၅) မိနစ်ခန်အကြာ ယင်းသို့အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ အလယ်စခန်းရွာရှိ ပြည်သူ့ စစ်စခန်းအဆောက်အဦးနှင့် ကျေးရွာရယက ဥက္ကဌနေအိမ်တို့ မီးစွဲလောင်ခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ဝင်ရောက်ပစ်ခတ်မှုကြောင့် အရာရှိတစ်ဦးအပါအဝင် စစ်အစိုးရတပ်ဖွဲ့ဝင် (၃) ဦး၊ ပြည်သူ့စစ် (၂)ဦး၊ ရယကဥက္ကဌသမီး (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု MNDA ကကောင်းဝါသတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့ရာတွင် ယနေ့နံနက်ပိုင်း ဘီဘီစီမြန်မာပိုင်ထုတ်လွှင့်ချက်၌ ခမရ ၂၈၂ မှမြန်မာစစ်အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။

ယင်းကဲ့သို့ စီးနင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်နေ့တွင် ၄င်းတို့ကိုဝင်ရောက်ပစ်ခတ်ခဲ့သည့် MNDA အဖွဲ့အား လိုက်လံချေမှုန်းရန်အတွက် အနီးအနား ရွာတစ်ဝိုက်ရှိ ကျေးရွာများကို တစ်ရွာလျှင်ပေါ်တာ(၁၀) ယောက် မဖြစ်မနေစီစဉ်ပေးရန် မြန်မာစစ်တပ်တောင်းဆိုခဲ့သည်။

အခင်းဖြစ်ပွားရာ အလယ်စခန်းကျေးရွာသည် ရေး-ထားဝယ်မော်တော်ကားလမ်းမပေါ်တွင်တည်ရှိပြီး စစ်အစိုးရထိန်းချုပ်ရာဒေသဖြစ်သဖြင့် MNDA တပ်ဖွဲ့များ ပြောက်ကြား လှုပ်ရှားရာ ဒေသတစ်ခုဖြစ်နေသည်။

အဆိုပါ MNDA တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်လက်မခံသည့် မွန်ပြည်သစ်ပါတီမှအရာရှိအချို့ လှို့ဝှက်ခွဲထွက်ကာ ယမန်နှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မွန် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ MNDA သည် မွန်ပြည်သစ်ပါတီနယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားခွင့်မရှိသဖြင့် စစ်အစိုးရ ထိမ်းချုပ်နယ်မြေများ ဖြစ်ကြသည့် တနင်္သာရီတိုင်း မြောက်ပိုင်းရှိ ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင် စစ်အစိုးရ တပ်ဖွဲ့များ ပြောက်ကျား စစ်ဆင်လျှက်ရှိသည်။

မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDAသည် မွန်ပြည်သစ်ပါတီ NMSP လက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တို့နှင့် လုံးဝ မပတ်သက် ကြောင်း ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့ထုတ် မွန်ပြည်သစ်ပါတီကြေညာချက်တစ်ရပ်တွင် ဖေါ်ပြပါရှိသည်။