အပစ်ရပ် အဖွဲ့တခုဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ တပ်တည်ဧရိယာ နယ်မြေတခုဖြစ်သော ကြာအင်းဆိပ်ကြီး မြို့နယ် အင်းခွနယ်မြေ အတွင်းကို ဖေဖေါ်ဝါရီ ပထမအပါတ်လောက်ကစပြီး စစ်အစိုးရတပ်များ ဝင်ရောက်လာကာ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ပြုလုပ် နေသည်ဟု ဒေသခံမွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် တစ်ဦးမှပြောပါသည်။ စကခ (၈) လက်အောက်ခံ စစ်အစိုးရတပ်ဖွဲ့စုစုပေါင်း အင်အား(၇ဝ)ကျော်ခန့်သည် မွန်ပြည်သစ်ပါတီ တပ်တည်ရာ အနီး တဝိုက်ရွာတွေဖြစ်သည့် ဝင်းယော်ဆိပ်ကြီးကျေးရွာ တောင်ပေါက် ကျေးရွာတဝိုက်တွင် လှည့်လည်နေပြီး စစ်အင် အား ပြနေသည်ဟုဆိုသည်။ ၄င်းတို့၏ ရည်ရွယ်ချက်ကို တိတိကျကျမသိရသေးသော်လည်း မိမိတို့အနေနှင့် သတိကြီးစွာဖြင့် စောင့်ကြည့်နေရသည်ဟု မွန်ပြည်သစ် ပါတီအလယ်အလတ်ခေါင်းဆောင်တစ်ဦးမှပြောပါသည်။
ဒေသခံတောင်ပေါက်ကျေးရွာသားတစ်ဦး၏အဆိုအရ နအဖစစ်တပ်များသည် ထိုဒေသတဝိုက်တွင် လှုပ်ရှား နေသောကေအာန်ယူ(ခေါ်) ကရင်အမျိုးသားအစည်းအရုံးကို ထိုးစစ်ဆင်ရန်အတွက် ရောက်လာ သည်ဟု ဆိုသော် လည်း အဓိကဦးတည်ချက်မှာ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန်ငြင်းဆန်နေခဲ့သည့် မွန်ပြည်သစ် ပါတီအပေါ် စစ်အစိုးရဘက် က ငြိုငြင်မှုရှိနေ၍ ယခုလိုတပ်တည်ရာဒေသ၌ စစ်အင်အားပြ လှုပ်ရှား နေသည်ဟု ပြောဆိုခဲ့ ပါသည်။
နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန်လက်မခံသည့်မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရမှ တစုံ တရာ ဖိအားပေးခြင်းမရှိကြောင်းနှင့် ဆက်ဆံရေးအပိုင်းတွင် အနည်းငယ်အေးစက်မှုရှိနေသော်လည်း ပုံမှန်အတိုင်း သာရှိနေသည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးနိုင်ထောမွန်မှ ကောင်းဝါသတင်းဌာနကိုပြော ဆိုခဲ့သည်။
အဆိုပါကြာအင်းဆိပ်ကြီးမြို့နယ် အင်းခွဒေသသည် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာ မွန်ပြည်သစ်ပါတီ တပ်တည်ဧရိယာအဖြစ် သတ်မှတ်ခဲ့သည့်နယ်မြေတခုဖြစ်သည်။ ယခုလိုစစ်အစိုးရတပ်များမှ ဝင်ရောက်လာမှုအပေါ် ဒေသခံရွာသားများအနေနှင့် စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပွါးမှုရှိနေသည်ဟု ဒေသခံတောင်ပေါက်ရွာသားတစ်ဦးမှ ပြောပါသည်။