ကောင်းဝါ(ဇန်နဝါရီ- ရ)။ ။ တနသာင်္ရီတိုင်း ရေဖြူမြို့နယ် အတွင်းရှိ ကန်ပေါက် သတ္တုတွင်းကို အမှတ်(၂) သတ္တုတွင်း ဝန်ကြီးဌာနနှင့် DELCO ကုမ္ပဏီ လီမီတက်တို့မှ သတ္တုတွင်းတူးဖေါ် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ဇန်နဝါရီ(၅)ရက်နေ့တွင် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ သဘောတူ စာချုပ်ချုပ် ဆိုခဲ့သည်ဟု စစ်အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ဥက္ကဌ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းနှင့် သတ္တုတွင်း ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်တို့ တက်ရောက်ကြပြီး ဌာနဆိုင်ရာအကြီးအကဲများ DELCO ကုမ္ပဏီလီမီတက် မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဦးနှင့် အမှုဆောင် ဦးဒိန်ယိန်းတို့လည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။
ဤကန်ပေါက် သတ္တုတွင်းသည် အစိုးရပိုင်အဖြစ် သတ်မှတ်ထားသော်လည်း ယခင်ကဆိုလျှင် သတ္တုတွင်းဝန်ကြီး ဌာနမှ တူးဖေါ်ထုတ်လုပ်မှု မရှိခဲ့ဟု ဆိုပါသည်။
အဆိုပါနယ်မြေခံ ပုဂ္ဂလိကလုပ်ငန်းရှင်မျှသာ ကန်ထရိုက်စံနစ်ဖြင့် သတ္တုမိုင်းကို တပိုင်တနိုင်စုပေါင်းတူးဖေါ်ထုတ် လုပ်နေကြသည်ဟု ဒေသခံတစ်ဦးက အခုလို ပြောပြခဲ့ပါသည်။
“ကံပေါက်သတ္တုတွင်းက အရင်တုန်းကဆိုရင် လူထုကိုယ်တိုင်လုပ်ပြီးတော့ လူထူကိုယ်တိုင်အကျိုးအမြတ် ခံစားရ တာပဲ။ လက်ရှိအနေအထားမှာဆိုရင် DELCO ကုမ္ပဏီနဲ့ဒီသတ္တုတွင်းဝန်ကြီးဌာန ပေါင်းပြီးလုပ်တဲ့ အနေအထား မှာဆိုလို့ရှိရင် လူထုတွေက သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို အစိုးရနဲ့ DELCO ကုမ္ပဏီလက်ထဲ ထိုးအပ်လိုက်ရပုံစံမျိုးဖြစ် မှာပဲ။ အဲဒါဆိုရင် သူတို့ရဲ့ဆုံးရှုံးနစ်နာမှုဆိုရင် သူတို့ဟိုးဘိုးဘွားဘီဘင်လက်ထက်ကတည်းက လုပ်လာတဲ့ ဒီမိုင်း လုပ်ငန်းဆိုတာ ဘာဖြစ်လို့လဲဆိုတော့ တနိုင်တပိုင်ပေါ့နော်။ ကိုယ်တူးရင်ကိုယ်ရမယ်၊ မတူးရင်ကိုယ်မရဘူး။လက်ရှိ အနေအထားမှာ DELCO ကုမ္ပဏီနဲ့ ဒီသတ္တုတွင်းဝန်ကြီးဌာနကလက်ဝါးကြီး အုပ်ပြီးဆိုရင် တူးလို့လည်းမရတော့ ဘူး။ လုပ်လို့လည်းမရတော့ဘူး။ သူတို့လုပ်ပိုင်ခွင့်လည်း မရှိဘူးဆိုတော့ လူထုအခက်အခဲက အများကြီးရှိလာနေ တယ် ” ဟုပြောသည်။
အဆိုပါဒေသတွင် အစိုးရနှင့်ကုမ္ပဏီလီမီတက်တို့ပူးပေါင်းပြီး သတ္တုမိုင်းတူးဖေါ်သောလုပ်ငန်း ပေါ်လာခဲ့သော်လည်း ယင်းဒေသခံများအတွက် ကောင်းကျိုးထက်ဆိုးကျိုးသာခံစားနေရသည်ဟု ဒေသခံတစ်ဦးက ဆက်ပြော ပါသည်။
ဒီသတ္တုမိုင်းတို့သစ်တောတို့ဆိုတာ ကျွန်တော်တို့အတွက် အကျိုးအမြတ် ရှိလားဆိုရင်တော့ ကောင်းကျိုးကတော့ ရာခိုင်နှုံးအားဖြင့်တွက်လိုက်လျှင် ၂၅ရာခိုင်နှုံးပဲ။ ရ၅ ရာခိုင်နှုံးကတော့ ဒီစစ်အစိုးရနဲ့ ဒီကုမ္ပဏီတွေရဲ့ ကောင်းကျိုး ပဲဖြစ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၅ ရာခိုင်နှုံးဆိုတာက ဒီသတ္တုမိုင်းလုပ်တယ်ဆိုပေမယ့် လူအားနဲ့လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ဒေသခံတွေကလုပ်ရတယ်။ ဒီစက်ပစ္စည်း ယန္တရားနဲ့လုပ်ရမယ့်အနေအထားတွေ အကျိုး အမြတ်ဆိုရင်လည်း ရှားပါးတယ်။ အဲဒီကြားထဲမှာဆိုရင် အဲဒီမိုင်းလုံခြုံရေးတို့၊ သစ်တောလုံခြုံရေးတို့ တခါ ပေါ်တာ လိုက်ရတာတို့၊ ဒီအကောက်ခွန်ပေးရတာတို့ ပြီးတော့ ဒီစစ်စခန်းတွေတည်ဆောက်တာတို့ဆိုလည်း အမြဲတမ်းလိုလို ဖြစ်နေတယ်ဆိုတော့ ရှင်းရှင်းပြောရရင် ဒီရာခိုင်နှံုးအားဖြင့်တွက်ရင်တော့ ကျွန်တော်လူထုအတွက် အကျိုးအမြတ်ရ လဒ်ကတော့ ဘာမှမရှိဘူ့း။
ယခုလို သတ္တုမိုင်းတူးဖေါ်သည့်နေရာတွင် စစ်တပ်က လုံခြံုရေးယူနေရသောကြောင့် ဒေသခံများအနေနှင့် လူ့အခွင့် အရေးချိုးဖေါက်မှာ နေ့စဉ်နဲ့အမျှတွေ့ကြံုနေကြရသကဲ့သို့ စစ်တပ်မှဦးဆောင်ပြီး သစ်ပင်သစ်တောခုတ်လှဲမှု ပိုမိုများ ပြားလာသောကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာပျက်စီးမှုရှိလာသည်ဟု ဆိုပါသည်။
နအဖစစ်အစိုးရသည် ပြည်တွင်း၌ရှိသည့်မြေပေါ်မြေအောက် သယံဇာတများကို တိုင်းပြည်အတွက် အသုံးပြုခြင်း မရှိဘဲ စစ်တပ်၏အကျိုးစီးပွါးအတွက် တခြားသောနိုင်ငံများကို ရောင်းဝယ်မှုပြုခဲ့သည်။ လွတ်လပ်သည့်စျေးကွက် စီးပွါးရေးစံနစ်ဖေါ်ဆောင်နေသည်ဟုဆိုသော်လည်း အဓိကနေရာတွင် စစ်တပ်မှကြိုးကိုင်ထားပါသည်။
ယခုလိုစစ်တပ်မှ ဦးဆောင်အကောင်အထည် ဖေါ်နေသောကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းမှု မရှိသည့်အပြင် အဆိုပါ ဒေသခံများလည်း လူ့အခွင့်အရေးချိုးဖေါက်မှု ပိုပြီးခံစားနေရသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါသည်၊