မြန်မာစစ်တပ်ရိုက်နှက် ရွာဥက္ကဌ မေ့မျောနေ

မြန်မာစစ်တပ်ရိုက်နှက် ရွာဥက္ကဌ မေ့မျောနေ
ယမန်နေ့ညနေပိုင်း၌ မြန်မာစစ်တပ် ခလရ ၃၁ မှဖမ်းဆီးရိုက်နှက်စစ်ဆေးသဖြင့် ရွာဥက္ကဌတစ်ဦး ယနေ့နေ့လည်ပိုင်းအထိ မေ့မြောနေကြောင်း သိရှိရသည်။ ...

ကောင်းဝါ(ဒီဇင်ဘာ-၁၁)။    ။ ယမန်နေ့ညနေပိုင်း၌ မြန်မာစစ်တပ် ခလရ ၃၁ မှဖမ်းဆီးရိုက်နှက်စစ်ဆေးသဖြင့် ရွာဥက္ကဌတစ်ဦး ယနေ့နေ့လည်ပိုင်းအထိ မေ့မြောနေကြောင်း သိရှိရသည်။

ထိုသတင်းကို မွန်ပြည်သစ်အရာရှိတစ်ဦးကလည်း သိရှိထားသည်ဟု ကောင်းဝါသို့ပြောကြားလာသည်။

မွန်ပြည်နယ်တောင်ပိုင်းအစွန်ရှိ ခေါဇာမြို့နယ်ခွဲလက်အောက်ခံ မန်ကျည်းကျေးရွာ ဥက္ကဌ နိုင်အောင်တင်ညွန့်ကို ခလရ ၃၁ စစ်ကြောင်းမှ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ညှင်းပမ်းမှုများကြောင့် ခေါင်းသွေးထွက်ဒဏ်ရာများ ခံစားနေရပြီး ဆေးကုသခံနေရဆဲဖြစ်သည်။

အကဲခတ်သူများအဆိုအရ ၄င်းကျေးရွာအနီးတဝိုက်အတွင်း မွန်ခွဲထွက်အုပ်စုများ ဝင်ထွက်သွားလာနေမှုကို ခလရ ၃၁ သို့သတင်းမပေးသည့်အတွက်ဟု ယူဆနေကြသည်။

စစ်အစိုးရနှင့် စစ်အစိုးရအားတိုက်ခိုက်နေသည့် မွန်ခွဲထွက်အုပ်စုများအကြား အဆိုပါကျေးရွာ၌ ဥက္ကဌလုပ်နေကြရသူများမှာ အသက်အန္တရာယ်နှင့် အလွန်နီးစပ်သောအလုပ်ဖြစ်နေပေသည်။

မန်ကျည်းကျေးရွာသည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ် ပင်လယ်ကမ်းခြေရွာဖြစ်ပြီး အစိုးရတပ်ဖွဲ့များ အမြဲတမ်း လာရောက်လေ့မရှိပေ။

စစ်အစိုးထံလက်နက်ချခဲ့သည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်သည် လွန်ခဲ့လတွင် မွန်ခွဲထွက်အုပ်စုငယ်များကို လာရောက်စည်းရုံးရံ မန်ကျည်းကျေးရွာသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီနှင့် အပစ်အခတ်မရပ်စဲမီကာလ၌ အဆိုပါမန်ကျည်းကျေးရွာသည် နိုင်ရှောင် အခြေချလှုပ်ရှားခဲ့သည့် အမာခံဒေသတစ်ခုဟု ဆိုကြသည်။ နှစ်ဖက်သဘောတူညီမှုအရ ရေးမြို့နယ်တောင်ပိုင်းတစ်ဝိုက်(ယခုခေါဇာမြို့နယ်ခွဲအပါအဝင်)မှ မွန်ပြည်သစ်တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရသည်။

မွန်ခွဲထွက်အုပ်စုငယ်များကို နိုင်ရှောင် လာရောက်စည်းရုံးစဉ် မွန်ခွဲထွက်အဖွဲ့ဝင် ၆ ဦးသာရရှိခဲ့သဖြင့် စစ်အစိုးရအား ပေးထားကတိအတိုင်း ဖြစ်မလာသေး၍ အကြပ်ရိုက်နေဆဲဖြစ်သည်ဟု ၄င်းနှင့်နီးစပ်သူများထံမှ သိရသည်။

မငြိမ်းချမ်းသေးသော မွန်ပြည်နယ်အချို့ဒေသများရှိ ရွာဥက္ကဌများမှာ စစ်တပ်ရောက်လာလျှင် စစ်တပ်ကိုဆက်ဆံရသကဲ့သို့ အခြားလက်နက်ကိုင်အဖွဲ့တို့၏ အမိန့်ကိုလည်းနာခံကြရမည်သာဖြစ်သည်။ တွေ့ရှိရသူလက်နက်ကိုင်မှန်သမျှ ကြောက်နေကြရသည့်ဘဝ ကျရောက်နေဆဲပင် ဖြစ်သည်။

Most read this week