ကယ်တင်ခြင်းခံရသည့် အမျိုးသမီး ပြည့်တန်ဆာ (၅၈) ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂) ဦး ပါဝင်

ကယ်တင်ခြင်းခံရသည့် အမျိုးသမီး ပြည့်တန်ဆာ (၅၈) ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂) ဦး ပါဝင်
ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဖန်းငါးဒေသစေတနာရှင် လူမှုကာကွယ်စောင့်ရှောက် ရေးအဖွဲ့အစည်းမှ နိုဝင်ဘာ(၂၄)ရက်နေ့တွင် ထောင်မုကမ်းခြေမှတဆင့် ...

ကောင်းဝါ(နိုဝင်ဘာ-၂၆)။    ။ ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဖန်းငါးဒေသစေတနာရှင် လူမှုကာကွယ်စောင့်ရှောက် ရေးအဖွဲ့အစည်းမှ နိုဝင်ဘာ(၂၄)ရက်နေ့တွင် ထောင်မုကမ်းခြေမှတဆင့် တခြားနေရာသစ်တခုကိုပို့မည့် အမျိုးသမီး ပြည့်တန်ဆာ(၅၈)ဦးကို ကယ်တင်နိုင်ခဲ့သည်။

၄င်းအမျိုးသမီးအများစုမှာ မြန်မာပြည်ကလာသောသူများဖြစ်ပြီး လူကုန်ကူးပွဲစားမှတဆင့် ပြည့်တန်ဆာအဖြစ် ရောင်းချခြင်းခံရတဲ့သူတွေဟု ဆိုပါသည်။ ဒီဖြစ်စဉ်ကို ဖန်းငါးဒေသက စေတနာရှင်လူမှုကာကွယ် စောင့်ရှောက် ရေးအဖွဲ့ဝင် ကိုဝင်းပိုင် ကိုဆက်သွယ်မေးမြန်းရာတွင်

အမျိုးသမီး “(၅၈)ယောက်က လောရှမ်းက(၈)ယောက်ပါတယ်လေ။ ကျန်တာကျတော့ မွန်လည်းပါ၊ ဗမာလည်းပါ တယ်။ သံဖြူဇရပ်မြို့နယ် မုဒုံအကုန်လုံးပါတယ်လေ။ ကျွန်တော်တို့သွားတာက ငါးလှေပုံစံနဲ့သွားပြီး လှေပေါ်တက် ရတယ်လေ။ အဲဒါ သူတို့မလွန်သွားသေးလို့ ဒီအမျိုးသမီးတွေကို ရလိုက်တယ် (၅၈)ယောက်ပေါ့။ လှေနှစ်စီး အယောက ်(၁ဝဝ)လောက် လွန်သွားတယ်။ ကျွန်တော်တို့လည်းမယူနိုင်ဘူးလေ”

အဆိုပါ ပြည့်တန်ဆာတွေထဲမှာ AIDS ရောဂါကူးစက်နေတဲ့မိန်းကလေး(၁၂)ယောက်ကိုခေါ်မသွားဘဲ လမ်းပေါ်မှာ ပစ်ထားခဲ့ပြီး ခိုကိုးရာမဲ့ဖြစ်နေသော သူမတို့ အဆိုပါအဖွဲ့အစည်းကပင် ကယ်တင်ခဲ့ပြီး သက်ဆိုင်ရာဆေးရုံ၌ ပို့ဆောင်ပေးခဲ့သည်ဟုဆို၏။ အမျိုးသမီး(၈)ဦးမှာ ရောဂါလက္ခဏာပြနေပြီး ကျန်(၃)ဦးမှာ အနည်းငယ်သက်သာ သည်ဟုဆို၏။ ထိုင်းနိုင်ငံကိုလာရောက်သော အမျိုးသမီးအများစုတွင် လူကုန်ကူးပွဲစားများမှ တဆင့်ရောက်လာ ကြခြင်းဖြစ်ပြီး တခြားလက်ဆင့်ကမ်း ပွဲစားများမှတဖန် ပြည့်တန်ဆာဘဝကို တွန်းပို့ခဲ့သည်ဟု ကိုဝင်းပိုင်မှ ပြောပါ သည်။

စေတနာရှင် လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းမှ ကယ်တင်ထားတဲ့အမျိုးသမီးများကို တခြားသင့်တော် သောလုပ်ငန်းများတွင် ပြန်လည်နေရာချထားပေးမှာဖြစ်ပြီး တချို့မှာနေရပ်ကိုပြန်သွားကြမည်ဟု ဆိုသည်။ သို့သော် AIDS ရောဂါဖြစ်ပွါးနေတဲ့အမျိုးသမီး(၁၂)ယောက်မှာ နေရပ်ပြန်ဘို့ ကြောက်ရွံ့နေကြပြီး နယ်စပ်မှာရှိတဲ့ AIDS ရောဂါကုသရေးဆေးရုံမှာဘဲ ကုသချင်တယ်လို့ ကိုဝင်းပိုင်က ပြောပါတယ်။ နယ်စပ်ရှိနီးစပ်ရာ စေတနာဆေးရုံများ ကိုလည်း ဆက်သွယ်မေးမြန်းထားပြီး ၄င်းတို့မိဘဆွေမျိုးများနှင့် လွယ်လင့်တကူ တွေ့ဆုံနိုင်မည့်နေရာကိုလည်း ဆက်သွယ်ရှာဖွေနေသည်ဟု ရောဂါသည်နှင့် နီးစပ်သူများမှ ပြောပါသည်။