(အောက်တိုဘာ-၂၈)။ ။ ထိုင်းအာဏာပိုင်တို့ဖမ်းဆီးသွားသည့် KNU ဗိုလ်မှူးကြီးနာဒါးမြဇနီးနန်းဟိလာ သည် ယမန်နေ့ညပိုင်း ရ နာရီအချိန်ခန့်တွင် ပြန်လွတ်မြောက်လာပြီဟု ၄င်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သတင်းရရှိခဲ့သည်။
တဖန်“ အာမခံနဲ့လွှတ်လိုက်တယ်လို့သိရတယ်၊ ကျနော့်အမြင်ကတော့ လွှတ်လိုက်တာနဲ့အတူတူပါပဲ ” ဟု ၄င်းကဆက်လက်ပြောကြားသည်။
ထိုင်းဘာသာဖြင့် “ဂေါင်ဂရပ်” ခေါ် ဗဟိုရဲမှုခင်းအထူးတပ်ဖွဲ့တို့သည် အနံ့ခံခွေးများ၊ ခေတ်မီထောက်လှန်းရေး ကရိယာများအသုံးပြုကာ KNU ထိပ်ပိုင်းခေါင်းဆောင်များ ၈ အိမ်ခန့်အပြင် အခြားအဖွဲ့အစည်းများ၏ ရုံးခန်းအချို့ တို့ကိုလည်း ယမန်နေ့နံနက်အစောပိုင်း၌ ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဗိုလ်မှူးကြီးနာဒါးမြဇနီး နန်းဟိလာအား ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို သတင်းဌာန များမှ အမျိုးမျိုးဖေါ်ပြခဲ့ကြရာတွင် နာဒါးမြ၏နေအိမ်၌ မိုင်းဗုံးနှင့် ပတ်သက်သည့် ခဲယမ်းမီးကျောက် တချို့တွေ့ရှိရ သဖြင့် သူ၏ဇနီးကိုဖမ်းဆီးခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်ကို ဖတ်ရှုခဲ့ရသည်။
သို့ရာတွင် နန်းဟိလာမှာ ထိုင်းနိုင်ငံသား တရားဝင် မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးဟု သိရသည်။ အကယ်၍ တရားမဝင် လက်နက်(သို့မဟုတ်) မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်စပ်သော ပစ္စည်းကရိယာများကိုထိုင်းအာဏာ ပိုင်တို့ တွေ့ရှိဖမ်းဆီးမိခဲ့လျှင် ထိုင်းဥပဒေအရ မလွဲမသွေအရေးယူခံရမည်သာဖြစ်သည်ဟု အကဲခတ်များကပြောဆို နေကြသည်။
၄င်းအပြင် ထိုဖမ်းဆီးမှုကိစ္စရပ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနာဒါးမြကိုယ်တိုင် မြဝတီမြို့၌ ထိုင်းအမှတ်(၄) စစ်ဒေသမှူးနှင့် ယမန်နေ့တွင် တွေ့ဆုံစကားပြောခဲ့ကြသည်ဟု သိရသည်။
တနည်းအားဖြင့် မြန်မာအာဏာပိုင်များ ဖိအားပေးခဲ့မှုကို ထိုင်းအာဏာပိုင်တို့ကလည်း KNU တို့အပေါ် ယခုကဲ့သို့ ရှာဖွေစစ်ဆေးမှုနှင့်အတူ ဝတ်ကျေတန်းကျေ အဖမ်းအဆီးပြပေးလိုက်ခြင်းသာဖြစ်သည်ဟု ထိုင်းနယ်စပ် စစ်ရေးလေ့လာသူတစ်ဦး ပြောကြားခဲ့သည်။