ကန်ချနပူရီ(စက်တင်ဘာ-)။ ။ ထိုင်းနိုင်ငံအနှံ့တွင် အလုပ်လုပ်ကိုင်နေကြသော မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သွားရန်ကိစ္စအား အခြေအနေများ စောင့်ကြည့်သွားကြဦးမည်ဟု ယမန်နေ့က ကောင်းဝါသတင်းဌာန Kaowao Newsgroup ၏ အရေးပေါ် Online ဆွေးနွေးမှုတစ်ရပ်၌ ထိုင်းနိုင်ငံဒေသအနှံ့ရှိ မွန်အလုပ်သမားများ၊ နိုင်ငံတကာရှိ အဝေးရောက်မွန်များ ပြောဆို ဆွေးနွေးခဲ့ကြသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မြန်မာအာဏာပိုင်များ အကျင့်ပျက်နေမှုကို သိရှိနေကြပြီး ဥပဒေချိုးဖေါက်မှုများလည်းရှိနေကြသည်ဟု သုံးသပ်တင်ပြဆွေးနွေးခဲ့ကြသည်။ မွန်ပြည်နယ်အောက်ပိုင်းဒေသရှိ ကျေးရွာများ၌ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် နိုင်ငံသားအစစ်အမှန်ဖြစ်မှု သက်သေအထောက်အထားများ တောင်းခံခဲ့ကြရာတွင် သက်ဆိုင်ရာလဝက၊ ရဲ၊ ရယကတို့ ငွေတောင်းခံနေကြကြောင်း သက်ဆိုင်ရာကျေးရွာတို့မှ သတင်းပေးလာသဖြင့် ထိုင်းနိုင်ငံရောက် မွန်အလုပ်သမားများအတွင်း အလွန်ဂယက်ထနေဆဲဖြစ်သည်။
အချို့မြန်မာအာဏာပိုင်တို့သည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ ကာယကံရှင်ကိုယ်တိုင် သက်ဆိုင်ရာ မိမိနေရပ်ရင်းသို့ပြန်ကြရမည်ဟု သတင်းဖြန့်နေကြသည်။ ထိုင်းနိုင်ငံသို့ ယခုရောက်ရှိနေသူများမှာ တရားဝင်မဟုတ်သဖြင့် တည်ဆဲဥပဒေအရဖမ်းဆီး အရေးယူနိုင်သည်ဟု ခြိမ်းခြောက်ပြီး ငွေညှစ်တောင်းခံခဲ့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
အမှန်စင်စစ် ယင်း ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်မှာ အလုပ်သမားများနေရပ်ရင်းသို့ ပြန်ရန်မလို၊ နိုင်ငံသားဖြစ်မှုအထောက်အထား အခိုင်အလုံတင်ပြနိုင်ပါက ထိုင်းမြန်မာနှစ်နိုင်ငံသတ်မှတ်ထားသော ယာယီလက်မှတ်ထုတ်ပေးရေးစခန်းများတွင် ပြုလုပ်နိုင်ပါသည်။ မြန်မာနိုင်ငံဖက်၌ ကော့သောင်း၊ မြဝတီ၊ တာချီလိတ်နယ်စပ်မြို့များတွင် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေးစခန်း ၃ ခုထားရှိပါသည်။
မြဝတီမြို့၌ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးခဲ့သူ ၅၀၀ ငါးရာခန့်သာရှိသေးသည်ဟု ဆက်သွယ်မေးမြန်မှုအရ သိရသည်။ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်မည့်ကာလမှာ ငါးလသာ ကျန်ရှိတော့သည်။
လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် အဆိုပါယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ခေတ္တရပ်ဆိုင်းထားမည်ဟု သတင်းများတွင် ဖေါ်ပြပါသည်။ ယခင်ထိုင်းအစိုးရက ထုတ်ပေးထားခဲ့သော အလုပ်သမားမှတ်ပုံတင်များ ၂၀၁၀ ဖေဖေါ်ဝါရီလကုန်အထိသာ အကြုံးဝင်ပြီး သက်တမ်းတိုးခွင့် မရှိတော့ပေ။
ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံမှအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးရေးကို မြန်မာစစ်အစိုးရတို့ အားမပေးလို၍ အောက်ခြေအာဏာပိုင်များ မသမာမှုတို့ကို ထိပ်ပိုင်းအာဏာပိုင်တို့ လစ်လျှူပြုထားသည်ဟု မွန်အလုပ်သမားတို့က အကဲခတ်သုံးသပ်ကြသည်။
ယင်း အလုပ်သမားအရေး Online ဆွေးနွေးမှုများကို နောက်တစ်ပတ် တနင်္ဂနွေနေ့၊ နေ့လည် ၁၂ နာရီ ထိုင်းနိုင်ငံစံတော်ချိန်မှ အပတ်စဉ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ ကမ္ဘာအနှံ့အင်တာနက်ကွန်ယက်မှတဆင့် မွန်ဘာသာဖြင့် ဝင်ရောက်ဆွေးနွေးနိုင်သည်။