စံခလပူရီ(သြဂုတ်-၂၆)။ ။ ယခုသီတင်းပတ်အတွင်း ဘုရားသုံးဆူဒေသနှင့်ဝန်းကျင်ဒေသတဝိုက်၌ ဒေသခံ ကုန်သည်များ သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေ ဗိုလ်ကြီးစောအေဝမ်းအဖွဲ့မှ ဂိတ်ကြေးများ အဆမတန် ကောက်ခံလာမှုကြောင့် သစ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေတော့ကြောင်း ဒေသခံသစ်ကုန်သည်များက ဖုန်းဖြင့် ပြောဆိုခဲ့သည်။
“ကားတစ်စီးကို ဘတ် ၂ သောင်းတဲ့၊ ဒီကေဘီအေတစ်ဖွဲ့ပဲ ဒီလိုကောက်တာ၊ ဘာဖြစ်လို့လဲမသိဘူး၊ ကျနော်တို့ သွားညှိတယ် မရဘူး၊ ကျနော်တို့လည်း အလုပ်နားလိုက်ရပါပြီ၊ မြို့ပေါ်မှာ လက်ကျန်သစ်တွေ ကုန်သွားရင် ပရိဘောဂ သမားတွေလည်း ထမင်းငတ်တော့မှာပဲ” ဟု အမည်မဖေါ်လိုသော သစ်ကုန်သည်တစ်ဦးက ပြောခဲ့သည်။
အဆိုပါကိစ္စကို ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးထံသို့ သစ်ကုန်သည် များ တိုင်ကြားခဲ့သည်ဟု ဆိုပါသည်။ ယခင်နှုံးထားများအတိုင်း ကောက်ခံကြရန် တပ်ရင်းမှူးက ညွှန်ကြားခဲ့သော် လည်း ဒီကေဘီအေ ဗိုလ်ကြီးစောအေဝမ်းက လက်မခံဟု ဆိုပါသည်။
ဒီကေဘီအေ အမှတ် ၉၀၇ တပ်ရင်းမှူး စောနော်တရာနှင့် အင်အား ရ၀ နီးပါးခန့် ဘုရားသုံးဆူနယ်စပ်မြို့သို့ ရောက်ရှိ စခန်းချလျှက်ရှိရာ အဆိုပါတပ်ဖွဲ့ ရိက္ခာအတွက် ယခုခဲ့သို့တိုးမြှင့်ကောက်ခံရကြောင်း ဒီကေဘီအေမှ အကြောင်းပြပြောဆိုခဲ့သည်ဟု ဆိုသည်။
ဒေသရှိမြန်မာစစ်အာဏာပိုင်နှင့် ဌာနဆိုင်ရာများအပြင် မွန်ပြည်သစ်ပါတီ၊ ကရင်KNU ၊ ကရင် DKBA၊ ကရင် KPF၊ ကရင် KNU/KNLA-PCထိန်မောင်အဖွဲ့တို့ကိုလည်း ၄င်းတရားမဝင်သစ်များ သယ်ဆောင်မှုအပေါ် ကားတစ်စီးလျှင် ဘတ် ရ၀၀ ကောက်ခံနေခဲ့ကြသည်မှာ ပုံမှန်နှုန်းထားဟု ဆိုကြပါသည်။
ထိုဒေသရှိ မွန်ပြည်သစ်ပါတီ ဂိတ်မှူးတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒီရက်ပိုင်းတွေမှာ သစ်ကုန်သည်တွေ လုံးဝမလာကြတော့ဘူး၊ ကုန်သည်တွေတွက်ချေမကိုက်တော့ မလုပ်ကြတော့ဘူးလေ၊ မိုးတွင်းမှာဂိတ်တွေကလည်း ဒီသစ်လုပ်ငန်းကိုပဲ အားထားနေရတယ်၊ ကုန်သည်တွေမလာကြတော့ ပါတီဝင်ငွေကျသွားတာပေါ့” ဟု ကောင်းဝါ သတင်းသို့ ပြောကြားခဲ့၏။
ဘုရားသုံးဆူနယ်စပ်မြို့သည် သစ်လုပ်ငန်းသာ အဓိကအလုပ်ဖြစ်ထွန်းကြသည်။ ဒေသ၏စီးပွားအခြေအနေများမှာ သစ်လုပ်ငန်းအပေါ် များစွာတည်မှီနေပါသည်။ မြန်မာသစ်များကို ပရိဘောဂအထည်များ၊ ပန်းပုပုံများအမျိုးမျိုး ပြုလုပ်၍ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့ကြသည်။
အဆိုပါသစ်များကို KNU တပ်မဟာ ၆ ထံမှ ဝယ်ယူခုတ်လှဲခဲ့ကြပြီး သစ်ကုန်သည်တို့က ထိုင်းတို့အော်ဒါမှာယူသည့် ထားအတိုင်း ဘုရားသုံးဆူမြို့ပေါ်၌ ပရိဘောဂစက်ရုံများတွင် အချောထည်များ ပြုလုပ်ကာ နှစ်ဖက်နိုင်ငံအာဏာပိုင် များနှင့် နားလည်မှုရယူ၍ ထိုင်းဖက်သို့ ပို့ဆောင်ရောင်းချနေကြသည်။
သို့ရာတွင် ဘုရားသုံးဆူနယ်စပ်ရှိ ထိုင်းအာဏာပိုင်နှင့် မြန်မာစစ်အာဏာပိုင်တို့ ညှိနှိုင်းမှုမပြေလည်ခြင်းကြောင့် လွန်ခဲ့သော မေလ ၂၁ ရက်နေ့က မြန်မာသစ်တန် ၃၀၀ ကျော်ကို ထိုင်းသစ်တောဌာနက ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီး သိမ်းယူလိုက်ပြီး တင်ဆောင်လာသည့်ကားများကို ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ သစ်တန်ဖိုးဆုံးရှုံးမှုများမှာ မြန်မာ သစ်ကုန်သည်များ၏ တာဝန်ဖြစ်သည်ဟု သိရသည်။
ယခုအခါ သစ်အထည်ကြမ်းများ ဝင်ရောက်လာမှု အလွန်နည်းပါးလာသောကြောင့် အချို့ပရိဘောဂ စက်ရုံများ အလုပ်ရပ်ဆိုင်းနေပြီဟု သိရသည်။