စမော်လမြိုင်(သြဂုတ်-၁၈)။ ။ မော်လမြိုင် တက္ကသိုလ် အာဏာပိုင်များ လွန်ခဲ့သည့်အပတ်က မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ ထိပ်ပိုင်း ကျောင်းသားခေါင်းဆောင်များကိုလူစု လူဝေးဖြင့် သွားလာ လှုပ်ရှားမှုမပြုလုပ်ရန် သတိပေး ခဲ့ခြင်းမှာ မွန်တက္ကသိုလ် ကျောင်းသားများသည် လွန်ခဲ့ သည့် သြဂုတ်လ ၅ ရက်နေ့၌ မွန်တော်လှန်ရေးနေ့ကို ကျင်းပ ခဲ့ခြင်းကြောင့် သူယူ ဆမိ ကြောင်း မွန်ပြည်သစ်ပါတီဗဟို အလုပ်အမှုဆောင်တစ်ဦးက ပြောကြား ခဲ့သည်။
သြဂုတ်လ ၅ ရက်နေ့၌ကျရောက်ခဲ့သည့် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို အဆိုပါ မွန်တက္ကသိုလ်ကျောင်း သားများ၊ မွန်သံဃာပျိုများ၊ ကျေးရွာအသီးသီးမှ မွန်လူငယ်များအင်အား ၁၅၀၀ ကျော်ခန့်တို့သည် ကွယ်လွန်ပြီး ဖြစ်သော မွန်တော် လှန်ရေးခေါင်းဆောင်အသီးသီးတို့၏ အုတ်ဂူများတွင် လွမ်းသူ့ပန်းခွေချခြင်း၊ ခေါင်းဆောင်များ၏ အထုပ္ပတ္တိကိုဟောပြောခြင်း၊ အဓိဌာန်ပြုခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။
သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ကြက်တိန်ညင်ဘုရားကုန်းပေါ်ရှိ ကွယ်လွန်သူ မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏ အုတ်ဂူ၌ ထိုနေ့နံနက် ၈ နာရီခန့်တွင် ဒေသအသီးသီးမှ မွန်လူငယ်များ စုရပ်ပြုလုပ်ကြကာ အခမ်းအနားကို စတင်ခဲ့ကြခဲ့သည်ဟု သိရသည်။
ထိုမှတဆင့် အဆိုပါမွန်လူငယ်တို့သည် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာလယ်ရှိ ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်နွန်လာအမှတ်တစ်ရ ရုပ်တုရှိရာသို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် စုရုံးသွားရောက်ကာ ဆက်လက် ဂါရဝပြုကြပြန်သည်။
တဖန် မုဒုံမြိုနယ်၊ ကမာဝက်ရွာရှိ ကွယ်လွန်သူ မွန်ပြည်သူတပ်ဦးခေါင်းဆောင်ဟောင်း နိုင်ဖိုးစိန်အုတ်ဂူသို့ သွားရောက်ဂါရဝပြုကြပြန်သည်။
ထို့နောက် မုဒုံမြို့နယ်၊ ကျောက်တစ်လုံးဆရာတော်(ဝင်းစိန်တောရ)ကျောင်းဝင်း၌ထားရှိသော ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏ အရိုးပြာအိုးအမှတ်တစ်ရထားရှိရာသို့ မွန်လူငယ်များ သွားရောက်ဂါရဝပြုခဲ့ကြသည်။
ဤလှုပ်ရှားမှုနှင့်ပတ်သက်၍ စစ်အာဏာပိုင်များက မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ရုံးတာဝန်ခံအား မေးမြန်းခဲ့ရာ လူငယ်များက ၄င်းတို့၏အသိစိတ်ဓါတ်ဖြင့် ၄င်းတို့ဖာသာစုရုံးကြပြီး မွန်ခေါင်းဆောင်များအား သွားရောက် ဂါရဝပြုကြခြင်းမှာ နှစ်စဉ်လိုလိုဖြစ်ခဲ့၍ အစဉ်အလာတစ်ရပ်လိုဖြစ်နေကြောင်းဟု ရှင်းပြခဲ့သည်။
ယမန်နှစ်လှုပ်ရှားမှုတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှခေါင်းဆောင်အချို့ကို တွေ့ရှိခဲ့သောလည်း ယခုနှစ်
တွင် နိုင်ငံရေး၌ပါဝင်ပတ်သက်နေသူများ မရှိသလောက်ဖြစ်နေသည်မှာ ထူးခြားချက်တစ်ရပ်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။
ထိုရက်ပိုင်းသည် ၈ လေးလုံးနှစ်ပတ်လည်နေ့အပြင် ဒေါ်အောင်စုကြည်အား အမှုစီရင်မည့် သြဂုတ်လ ၁၁ ရက်နေ့ နှင့်လည်း အလွန်နီးကပ်နေသဖြင့် လူစုလူဝေးဖြင့် တူညီဝတ်စုံများဝတ်ကြသော သွားလာလှုပ်ရှားမှု မှန်သမျှကို အာဏပိုင်များ မမြင်တွေ့လိုကြပေ။
ထို့အပြင် မွန်ပြည်နယ်ရှိ မွန်လူငယ်အများစုသည် MON Day လှုပ်ရှားမှုတစ်ရပ်အဖြစ် တနင်္လာနေ့တိုင်းတွင် မွန်အမျိုးသားဝတ်စုံဖြင့် သွားလာ လှုပ်ရှားမှုကို ပြုလုပ်ကြလျှက်ရှိရာ တူညီဝတ်စုံများကို တွေ့မြင်နေရသဖြင့် ထူးခြားဖြစ်စဉ်များရှိမရှိကို သက်ဆိုရာဒေသရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးများသို့ စရဖ၊ ရဲ၊ အထူးသတင်း
တပ်ဖွဲ့တို့က မကြာမကြာ မေးမြန်း စုံစမ်းမှုများ ပြုလုပ်နေရသည်။