KPF အမှတ် ၃ တပ်ရင်းမှူး လက်ချည်းဗလာ အိမ်ပြန်လာ

KPF အမှတ် ၃ တပ်ရင်းမှူး လက်ချည်းဗလာ အိမ်ပြန်လာ
KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးနှင့် အဖွဲ့ဝင်အချို့ လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင် KNU ထံ လက်နက်ချ ပူးပေါင်းခဲ့သလိုလို၊ အဖမ်းဆီး ခံလိုက်ရသလိုလိုနှင့် သတင်းများ ပြန့်လွင့်နေခဲ့ရာ ယခုအခါ ဘုရားသုံးဆူ နယ်စပ်မြိုသို့ ပြန်လည် ရောက်ရှိနေပြီ ...

 
စံခလပူရီ(ဇူလိုင်-၁၄)။    ။ KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးနှင့် အဖွဲ့ဝင်အချို့ လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင် KNU ထံလက်နက်ချပူးပေါင်းခဲ့သလိုလို၊ အဖမ်းဆီးခံလိုက်ရသလိုလိုနှင့် သတင်းများပြန့်လွင့် နေခဲ့ရာ ယခုအခါ ဘုရားသုံးဆူ နယ်စပ်မြိုသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်သစ်မှ အရာရှိ တစ်ဦးက အတည်ပြုပြောကြားပါသည်။
 
မန်းလေးဝါးသည် ကြာအင်းဆိပ်ကြီးမြို့မှ ဇမိမြစ်ကြောင်းအတိုင်း ဘုရားသုံးဆူနယ်စပ်မြို့သို့ ပဲ့ချိတ်လှေ တစ်စီးဖြင့်ပြန်လာစဉ် KNU ကဖမ်းဆီးခဲ့သည်ဟု မန်းလေးဝါးနှင့် တွေ့ဆုံ စကားပြောခဲ့သူ မွန်ပြည်သစ်ပါတီ၊ တားဒိန်ဂိတ်စခန်း တာဝန်ခံနှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
 
ဇမိမြစ်အထက်ပိုင်းရှိ မွန်ပြည်သစ်ပါတီ၊ တားဒိန်ဂိတ်စခန်းသို့ ယမန်နေ့ညပိုင်း ၈ နာရီခန့်တွင် မန်းလေးဝါး နှင့်တပည့် ၄ ဦး၊ လက်နက်မပါ လှေတစ်စီးဖြင့် ရောက်ရှိလာကာ အိပ်စက်နားနေခဲ့ပြီး ယနေ့နံနက် စောစောပိုင်းတွင် ဘုရားသုံးဆူမြို့သို့ ဆက်လက် ထွက်ခွာသွားပါသည်။ မန်းလေးဝါးထံ ပါလာသော လက်နက်များကို KNU မှသိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
 
KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးကို KNU တပ်များဖမ်းဆီးခဲ့ပြီ ရက်ပိုင်းအနည်းငယ်အတွင်း၌ နောက်ထပ် KPF နှင့် DKBA တပ်ဖွဲ့ဝင်အများအပြား လက်နက်ခဲယမ်းများ အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ခန့် KNU တပ်မဟာ ၆ ထံသို့ ဝင်ရောက်လက်နက်ချ၊ ပူးပေါင်းလာသည်ကို သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
 
မကြာမီတွင် KNU တပ်မဟာ ၆ နယ်မြေသို့ စစ်အစိုးရတပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်ဖွယ် ရှိသည့်သတင်းများ ထွက်ပေါ်လာအပြီး ပဏာမအနေဖြင့် KNU မှ ကြိုတင်လက်ဦးမှု ရယူလိုက်သည့် နည်းဗျူဟာတစ်ရပ်သာဖြစ်ကြောင်း စစ်ရေးအကဲခတ်သူများက ပြောဆိုနေကြ၏။
 
စစ်အစိုးရတပ်မှ စကခ ၁၂၊ နည်းဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးပြီး ၄င်းတို့ ဗျူဟာရုံးတပ်ဖွဲ့ အချို့ KNU တပ်မဟာ ၆ ဧရိယာဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မြို့အနီး ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ၌ တပ်ရင်း ၂ ရင်း အင်အား ၂၅၀ ဝန်ကျင်ခန့်နှင့် အခြေပြုလျှက် လှုပ်ရှားနေသည်။
 
ဤစစ်ဆင်ရေးတွင် ဒီကေဘီအေမှ ဗျူဟာမှူးဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်ဦးစီးသော အထူး တပ်ရင်းတစ်ရင်း အပါအဝင် လက်အောက်ခံ ဒီကေဘီအေတပ်ရင်း ၉၀၁၊ ၉၀၆၊ ၉၀၇ တို့ပါဝင်နိုင်သည်ဟု KNU တို့ ယူဆထားပါသည်။
 
ထိုင်းစစ်တပ်မှ အင်အား ၄၀၀၀ ခန့်ရှိ မြန်မာတပ်များ နယ်စပ်အနီးသို့ ရောက်ရှိနိုင်သည်ဟု တွက်ဆသပြီး ထိုင်းအမှတ် ၉ တပ်မကို အသင့်ပြုလုပ်ထားသည်ဟု ထိုင်းစစ်ဖက်အရာရှိတို့က ပြောပြသည်။
 
ဤထိုးစစ်ဆင်မှုတွင် တပ်ရင်း ၈ ရင်းခန့် ပါဝင်သည်ဟု သတင်းများဖြစ်ပေါ်နေရာ တပ်ရင်းတစ်ရင်း အင်အားအပြည့် စစ်သည် ၅၀၀ ခန့်နှင့်တွက်ဆလျှင် ထိုင်းစစ်တပ်မှတွက်ဆသော အင်အားမှန်ကန်သည်ဟု ဆိုနိုင်သော်ငြား လက်တွေ့တွင် မြန်မာစစ်တပ်၌ တပ်ရင်းတစ်ရင်းတွင် တိုက်ခိုက်ရေးအင်အား စုစုပေါင်း စစ်သည် ၁၃၀ ဦးထက်မကျော်သည်ကို မြင်တွေ့နေရ၏။
 
ယခုအခါ မန်းလေးဝါးနှင့် ပြန်လာသူများကို ခလရ ၃၂ တပ်ရင်းမှူး ဒုဗမက ခင်ဇော်တို့ စစ်ဆေးမေးမြန်း နေသည်ဟု သိရသည်။

Most read this week