မွန်ပြည်သစ်ပါတီအား အပစ်ရပ် မိုင်းလားအဖွဲ့က ဖိတ်ကြား

မွန်ပြည်သစ်ပါတီအား အပစ်ရပ် မိုင်းလားအဖွဲ့က ဖိတ်ကြား
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS  မိုင်းလားအဖွဲ့ အပစ်ရပ်ခဲ့ခြင်းအနှစ် ၂ဝ ပြည့်အခမ်းအနားကို လာမည့် ဇွန်လ ၂၉ - ၃ဝ ရက်နေ့များ၌ မိုင်းလားမြို့ ဗဟိုဌာနချုပ်၌ ကျင်းပမည် ...

 
စံခလပူရီ(ဇွန်-၂၄)။    ။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS  မိုင်းလားအဖွဲ့ အပစ်ရပ်ခဲ့ခြင်းအနှစ် ၂ဝ ပြည့်အခမ်းအနားကို လာမည့် ဇွန်လ ၂၉ - ၃ဝ ရက်နေ့များ၌ မိုင်းလားမြို့ ဗဟိုဌာနချုပ်၌ ကျင်းပမည်ဖြစ်ရာ မွန်ပြည်သစ်ပါတီ NMSP ကိုလည်း ယင်းအခန်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ယနေ့တွင်ပြောကြားခဲ့ပါသည်။
 
သို့ရာတွင် ယင်းအခန်းအနားကို မွန်ပြည်သစ်ပါတီဗဟိုကိုယ်စား မည်သူကဦးဆောင်၍ တက်ရောက်မည်ကို အတည်ပြုပြောကြားခဲ့ခြင်း မရှိပေ။
 
လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေး ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို ဗဟိုဌာနချုပ် ပန်ဆန်းတွင်ကျင်းပစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့က တက်ရောက်ခဲ့ကြ ဟုသိရသည်။
ယခု NDAA ကျင်းပမည့်ပွဲတော်ကို  အပစ်ရပ်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များအား ဖိတ်ကြားထားပြီး စစ်အစိုးရ ဘက်မှ ထိပ်တန်း အရာရှိကြီးများကိုလည်း ဖိတ်ကြားထားကြောင်း သျှမ်းသံတော်ဆင့် သတင်းတစ်ရပ်တွင် ဖေါ်ပြခဲ့သည်။
 
အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ၊ ကိုးကန့် အဖွဲ့ MNDAA ၊ ဒီမိုကရေစီသစ် တပ်မတော်- ကချင် NDA-K တို့သည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF အဖြစ် ၁၉၈၉ က စုပေါင်း ဖွဲ့စည်းထားပြီ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ခေါင်းခါငြင်းဆန်နေသည့် အဖွဲ့များလည်း ဖြစ်ကြသည်။
 
ယင်းအပစ်ရပ်အဖွဲ့များနည်းတူ မွန်ပြည်သစ်ပါတီသည်လည်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံငြင်းပယ်ခဲ့သည်။
 
လာမည့် ဇွန်လ ၂၉ ရက်သည် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးသက်တမ်း ၁၄ နှစ်ပြည့် မြောက်မည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲနေ့ အထိန်းအမှတ်နေ့များကို မွန်ပြည်သစ်ပါတီမှ မော်လမြိုင်မြို့၌ နှစ်စဉ် အတိုင်းအတာတစ်ရပ်အထိကျင်းပခဲ့ရာ ရတခတိုင်းမှူးများအဆက်ဆက် တက်ရောက်ခဲ့ကြသည်။
 
ယမန်နှစ်တွင် မွန်ပြည်သစ်ပါတီက အကျဉ်းချုံး၍ ကျင်းပဖြစ်ခဲ့ရာ ရတခတိုင်းမှူး မတက်ရောက်နိုင်ခဲ့ပါ။ လာမည့် ဇွန်လ ၂၉ ရက်တွင်လည်း အပစ်အခတ်ရပ်စဲနေ့ကို မွန်ပြည်သစ်ပါတီမှ မည်ကဲ့သို့ကျင်းပမည်ကို ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိသေးဟုသိရသည်။