ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ
ဘုရားသုံးဆူမြို့ နယ်စပ်ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းတွင် သီတင်းသုံးနေ ကြသော သံဃာတော်အားလုံး မနက်ဖြန် မေလ(၁၂)ရက်နေ့တွင် သက်ဆိုင်ရာ ကျောင်းဆောင် အသီးသီးမှ ထွက်ခွာပေးရန် မြန်မာအာဏာပိုင်များ အမိန့်စာ ထုတ်ထားပြီး မိမိတို့အား အသိပေးထား ...

စံခလပူရီ(မေ-၁၁)။    ။ ဘုရားသုံးဆူမြို့ နယ်စပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း(၅)ကျောင်းတွင် သီတင်းသုံးနေ ကြသော သံဃာတော်အားလုံး မနက်ဖြန် မေလ(၁၂)ရက်နေ့တွင် သက်ဆိုင်ရာ ကျောင်းဆောင်အသီးသီးမှ ထွက်ခွာပေးရန် မြန်မာအာဏာပိုင်များ အမိန့်စာထုတ်ထားပြီး မိမိတို့အား အသိပေးထားပြီဖြစ်ကျောင်း မောင်းထုတ် ခံရသူ ကိုးသင်းချိုင်း ကျောင်းထိုင်ဆရာတော် ဦးဝိသုတ၏ မိန့်ကြားချက်အရ သိရသည်။

“ဒီကျောင်းတွေမှာ ဘယ်ဘုန်းကြီးမှ မနေရတော့ဘူးလို့ သူတို့ အမိန့်စာထုတ်လိုက်တော့ ဘယ်တတ်နိုင်မလဲ ဒကာရယ်၊ ထွက်ဆိုလဲ ထွက်ပေးရတာပဲ၊ အရာရာဟာ ကိုယ်ကမှ မပိုင်တာပဲ၊ ဦးပ ဉ္ဇင်းလဲ အနယ်နယ် အရပ်ရပ်မှာ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အစရှိသည်ဖြင့် တရားစခန်းတွေဖွင့်ပြီး သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့တာ ပဲ၊ စိတ်ထဲမှာ ဘာမှ မခံစားရပါဘူး” ဟု ဦးဝိသုတက ဆက်လက်မိန့်ကြားပါသည်။ ဦးဝိသုတမှာ မြန်မာဘုန်းတော် ကြီး တစ်ပါးဖြစ်ပြီး သက်တော်(၄၅)နှစ်၊ ဝါတော်(၇)ဝါရှိသည်။

အဆိုပါဘုန်းကြီးကျောင်း(၅)ကျောင်းသည် အလျား ၁၈ဝဝ ပေ၊ အနံ(၉ဝဝ)ပေကျယ်ဝန်းသော ဧရိယာတစ်ခု အတွင်းရှိ တစ်ပါးကျောင်းများ ဖြစ်ကြသည်။ မွန်၊ ကရင်၊ ဗမာ ဘုန်းကြီးများ ဖြစ်ကြသည်။

အဆိုပါဘုန်းကြီးကျောင်းများမှာ ဦးဝိသုတ ကိုးသင်းချိုင်းကျောင်း၊ ဦးစန္ဒာဝါရ ကိုရင်လေးကျောင်း၊ ဦးစန္ဒောဘာသ၏ ဆေးလုံးကျောင်း၊ ဦးဥတ္တမ ဂူကျောင်း၊ ဦးသိလနန္ဒ ဘုရားကျောင်း တို့ဖြစ်ကြသည်။

ကိုရင်လေးကျောင်းနှင့် ဘုရားကျောင်း ဆရာတော်တို့ လွန်ခဲ့သည့်လက ကျောင်းပုရဝဏ်ကိစ္စပြဿနာဖြစ်ပေါ် ကြရာမှ ကြာအင်းဆိပ်ကြီးမြို့နယ် သံဃာ့ နာယက တို့ လာရောက် ဖြေရှင်းခဲ့ရသည်။ ထို့နောက် သက်ဆိုင်ရာမှ ဤကျောင်းဝင်းအတွင်းရှိ သံဃာတော်အားလုံး ထွက်ခွာပေးရန် အမိန့်ပေးညွန်ကြားခဲ့သဖြင့် ယခုတွင်သံဃာတော် အားလုံး အခြားနေရာသို့ ပြောင်းရွေ့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကျောင်းဒကာ နိုင်ချမ်းမွန်က အတည်ပြု ပြောကြားခဲ့ပါသည်။

“ဒီဘုန်းကြီးကျောင်းတွေဟာ မွန်ပြည်သစ်ပါတီ အုပ်ချုပ်တဲ့နယ်မြေမှာရှိပြီး အယင်ကဘုရားသုံးဆူမြို့ တိုင်တရာ ကျောင်းအတွက် မွန်စစ်သားတွေ လှူပေးထားတယ်၊ ရေးမြို့နယ်က ကိုရင်လေးကျောင်း မွန်ဆရာတော် ဒီဒေသကို လွန်ခဲ့တဲ့ ၂ နှစ် ကြွလာစဉ်တုံးက အဲဒီမြေကွက်မှာ ကျောင်းဆောက်ခဲ့ပြီး ကိုရင်တစ်ပါးကို အပ်ထားလိုက်တယ်၊ နောက်ပြီး ကရင်ကျောင်း၊ ဗမာကျောင်းတွေ ဖြစ်လာတယ်၊ အဲဒီမှာ ကျောင်းမြေပြဿနာတွေ ပေါ်လာပြီး ဘုရားသုံးဆူ ဗမာတပ်ရင်းမှူးက ဒီမှာသူအကြီးဆုံး ဆိုပြီး သူကိုင်တွယ်လိုက်တာပါပဲ၊ မွန်ပြည်သစ်က ဘာမှလဲ ဝင်ပြောတာမကြားမိဘူး” ဟု နိုင်ချမ်းမွန် ဆက်လက်ရှင်းပြပါသည်။

ထိုကျောင်းများတွင် အထူးသဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့်သူများ ယာယီနားခိုလေ့ ရှိသည်။ ယင်းခေတ္တတည်း ခိုသူများ၏ လုပ်အား၊ ဘုရားသုံးဆူရှိ စစ်အစိုးရအရာရှိ ဝန်ထမ်းများ ထည့်ဝင်ထားသော အလှူငွေဖြစ် တည်ဆောက်ခဲ့သော ခေတ်မီကျောင်းဆောင်များဖြစ်သည်။

ယင်းကျောင်းဆောင်များကို စစ်အာဏာပိုင်များမည်သို့ ဆက်လက်ထားရှိမည်ကို အတိအကျ မည်သူကမျှ အတည်ပြုမပြောကြားခဲ့ပေ။

ကရင်နယ်ခြားစောင့်တပ် သို့မဟုတ် အခြားငြိမ်းချမ်းရေးတပ်များ ထားရှိလျှင်လည်း မွန်ပြည်သစ်တပ်တည်ရှိခွင့် ဧရိယာအတွင်းဖြစ်နေသဖြင့် အငြင်းပွားဖွယ် ပြဿနာဖြစ်လာနိုင် ရှိသည်ဟု မွန်ပြည်သစ်အသိုင်းအဝိုင်းတွင် ဆို ကြသည်။ သို့သော် စစ်အာဏာပိုင်များ ဤကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့သည်မှာ စစ်အစိုးရခွင့်ပြုထားရှိခဲ့သော မွန်ပြည်သစ်ပါတီ ဧရိယာအတွင်း တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှု တရပ်သာဖြစ်နေသည်။