မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသား စိစစ်ရေးကဒ် ပြုလုပ်

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသား စိစစ်ရေးကဒ် ပြုလုပ်
မွန်ဒုက္ခသည်စခန်း ဟလော့ဟနီစခန်း၌ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လက်အောက် ခံဘုရားသုံးဆူမြို့ မြန်မာလဝကဌာနမှ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ယနေ့တွင် စတင်ပြုလုပ်ပေးလျှက် ရှိကြောင်း အဆိုပါစခန်းနေ မိစွမ်းမွန်က ပြော ...

စံခလပူရီ(မေ-၆)။    ။ မွန်ဒုက္ခသည်စခန်း ဟလော့ဟနီစခန်း၌ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လက်အောက် ခံဘုရားသုံးဆူမြို့ မြန်မာလဝကဌာနမှ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ယနေ့တွင် စတင်ပြုလုပ်ပေးလျှက် ရှိကြောင်း အဆိုပါစခန်းနေ မိစွမ်းမွန်က ပြောပါသည်။

၂၀၀၈ နာဂစ်မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် ယမန်နှစ်က ယာယီကဒ်ပြားများ ပြုလုပ်ပေးထားခဲ့သူများအပါအဝင် စခန်းတွင်းနေထိုင်သည့် အသက်(၁၈) နှစ် ပြည့်မြောက်သူတိုင်းကို ယခင်သီတင်း ပတ်များမှစ၍ စခန်းအုပ်ချုပ်သူတို့ထံမှတဆင့် ကြိုတင်စာရင်းကောက်ခံ ခဲ့ပြီးဖြစ်သည်။

“ကြိုတင်စာရင်းပေးတုံးက ကျမတစ်ယောက်အတွက် ထိုင်းဘတ်ငွေ (၃၀၀) ပေးရတယ်၊ အချို့က ပိုက်ဆံမပေးနိုင်လို့ စာရင်းသွား မထဲ့ကြဘူး၊ ဟိုတုံးက စာရင်းမထဲ့ထားယင်လဲ အခု (၁၅၀) ဘတ်ပေးရင် လူတိုင်းကို ကဒ်ပြားလုပ်ပေး တာပဲ၊ ကျမတို့လိုကြိုတင်ငွေ (၃၀၀) ဘတ်ပေးထားတဲ့ လူတွေကိုလဲ ငွေပြန်မအမ်းပေးပါဘူး” ဟု သူမက ဆက်လက် ပြောကြားပါသည်။

မွန်အမျိုးသားကယ်ဆယ်ရေးကော်မတီ၏ စာရင်းအရ အဆိုပါစခန်း၌ လက်ရှိတွင် စုစုပေါင်းအိမ်ခြေ ရ၁၉ အိမ်ရှိပြီး ဒုက္ခသည်ဦးရေ ၃၆၁၁ ခန့် နေထိုင်လျှက်ရှိသည်။ ယခု နိုင်ငံသားစိစစ်ရေး ကဒ်ပြားပြုလုပ်ရာတွင် ဟလော့ဟနီ စခန်း နှင့် ဆက်စပ်သည့် ဗလဲ့ဒွန်းဖိုက်စခန်းသည်လည်း အကြုံးဝင်ပါသည်။

ယခုအခါတွင် အဆိုပါစခန်းတို့ကို ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့မှ မော်တော်ယဉ်၊ မော်တော်ဆိုင်ကယ်တို့နှင့် တစ်နာရီနီးပါးခန့် ရာသီမရွေးသွားလာနိုင်သည်။ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူ နယ်စပ်မြို့မှ နွေ၊ ဆောင်းနှင့် မိုးမရွာသော ကာလတို့တွင် တောလမ်းအတိုင်း မော်တော်ကား၊ ဆိုင်ကယ်တို့ဖြင့် တစ်နာရီကျော်ခန့် သွားရသည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီ နောက်ဆုံးအပတ်တွင်လည်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသ တဝိုက် ကျေးရွာများ၌ ပနန်းဗုင်ရွာကို အခြေပြုကာ ချဲ့တိုက်ရွာ၊ ဂနီရွာနှင့် ဖလန်းရွာတို့တွင် ဒေသခံ(၄၀၀၀)ကျော်

တို့ကို ရေးမြို့လဝကဌာနမှ နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။

ဤဒုက္ခသည်စခန်းတို့တွင် နေထိုင်သူများအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ အလွယ်တကူ တရားဝင်လာရောက် ပြုလုပ်ပေးခြင်းမှာ နအဖမှ တစ်ဖက်သတ်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စည်းရုံးလှုပ်ရှားမှု တစ်ရပ်ဟု မွန်ပြည်သစ်ပါတီ အသိုင်းအဝိုင်းကြားတွင် ရှုမြင်သုံးသပ်ကြသည်။

ဤဟလော့ဟနီနှင့် ဗလဲ့ဒွန်းဖိုက်တို့ကို ၁၉၉၂-၉၃ ခုနှစ်ခန့်တွင် စတင်တည်ခဲ့သည်။ ထိုစဉ်ကထိုင်းနယ်မြေရှိ မွန်ဒုက္ခ သည်စခန်းများအား မြန်မာပိုင်နက်မြေထဲသို့ ထိုင်းတို့အပြီးအပိုင် ပြောင်းရွေ့စေခဲ့သည်။

မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုအောက် နယ်မြေတွင် တည်ရှိပြီး စခန်းလုံခြုံရေးကို တာဝန်ယူလျှက်ရှိသည်။ ယခင် မွန် ပြည်သစ်ပါတီနှင့် နဝတတို့ အပစ်ရပ်စဲရန် ဆွေးနွေးပွဲ မပြီးမြောက်မီကာလ ၁၉၉၄ ခု၊ ဇူလိုင်လတွင် ခလရ (၆၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအုန်းမြင့် ဦးစီးစစ်ကြောင်းက ဟလော့ဟနီ ဒုက္ခသည်စခန်းအနီး ဗလဲ့ဒွန်းဖိုက် ဒုက္ခသည် စခန်းငယ်ကို ဝင်ရောက်ခဲ့ရာ စခန်းရှိလူအားလုံး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နေအိမ်များမှ ကြက်၊ ဝက်၊ ဘဲ၊ ဆန်ရိက္ခာနှင့် တွေ့ရာပစ္စည်းများကို အဆိုပါစစ်ကြောင်းမှ သိမ်းယူလိုက်ပြီး အိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုစစ်ကြောင်းသည် ဟလော့ဟနီ ဒုက္ခသည်စခန်းကို ဆက်လက်ချီတက်လာရာ လမ်းထက်ဝက်တွင် မွန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ MNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့၍ ဟလော့ဟနီ ဒုက္ခသည်စခန်းဖျက်ဆီးမည့် အစီအစဉ် ပျက်ခဲ့ ရသည်။

ထိုစဉ်က ယင်းအဖြစ်အပျက်ကို ထိုင်းနှင့် ကမ္ဘာ့သတင်းဌာနများ ဖေါ်ပြကြသဖြင့် ဟလော့ဟနီ မွန်ဒုက္ခသည်စခန်းကို လူသိများခဲ့သည်။

Most read this week