UWSP ပါတီ အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်သို့ NDF သဝဏ်လွှာပေးပို့

UWSP ပါတီ အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်သို့ NDF သဝဏ်လွှာပေးပို့
၂ဝဝ၉ ခုနှစ် ဧပြီလ ၁၇ ရက် ယနေ့တွင် ကျရောက်သည့် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေး ပါတီ ဖွဲ့စည်း တည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့် အထိမ်းအမှတ် ပွဲတော်ကြီးကို အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ ...

စံခလပူရီ(ဧပြီ- ၁၇)။    ။၂ဝဝ၉ ခုနှစ် ဧပြီလ ၁၇ ရက် ယနေ့တွင်ကျရောက်သည့် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေး ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ကဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ယင်းသဝဏ်လွှာတွင် “၁၉၈၉ ခုနှစ်အတွင်းမှာပင် အခြေအနေတောင်းဆိုချက်အရ ထိုစဉ်က စစ်အာဏာရှင်အုပ်စု (နဝတ) နှင့် အပစ်အခတ် ရပ်စဲရေးကို သဘောတူ၍ ငြိမ်းချမ်းရေးရယူထားခဲ့သော်လည်း “ဝသပ” အနေနှင့် မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက် များကို ခိုင်မြဲစွာဆုပ်ကိုင်၍ ဘဝတူ တိုင်းရင်းသားညီနောင်များနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နေခြင်းကို မိမိတို့ “မဒတ” က ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း”

“ဝသပ” အနေဖြင့် “ဝ” အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးဒေသနှင့် “ဝ” ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေငြာ ခြင်းသည် ၂ဝဝ၈ ခုနှစ်တွင် အဓမ္မအတည်ပြုခဲ့သော နအဖ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ ပယ်ချကြောင်း ဖော်ပြယုံမျှမက အမျိုးသားညီလာခံ တက်ရောက်စဉ်ကာလများက “ဝသပ” တင်ပြခဲ့သောအကြံပြုချက်များအပေါ် နအဖ စစ်အုပ်စုကပယ်ချခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်းကိုလည်း ပေါ်လွင်စေခဲ့ကြောင်း”

“ဝသပ” အနေနှင့် “ဝ” ပြည်သူများ၊ “ဝ” အမျိုးသားများ၏ ဆန္ဒကိုထင်ဟပ်၍ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးကို ဖော်ပြခြင်းမျှသာဖြစ်ပြီး လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ထူထောင်ရန်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးမှ ခွဲထွက်ရန်သော်လည်းကောင်း ကြေငြာခြင်းမဟုတ်သဖြင့် “မဒတ” က ကြိုဆိုထောက်ခံရခြင်း ဖြစ်ကြောင်း”

“မဒတ” အနေနှင့် အကြံပြုလိုသည်မှာ “ဝသပ” သည် ကိုယ်ပိုင်အင်အား၊ ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်သည်ဟု ဆိုသော်ငြားလည်း ပြည်ထောင်စု တဝှမ်းလုံးရှိ အခြားဘဝတူ ညီနောင်တိုင်းရင်း သား များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို မဆိုထားဘိ၊ အခြေခံလူ့အခွင့်အရေးကိုပင် ခံစားနိုင်ခြင်း မရှိသေး ကြောင်း “ဝသပ” ခေါင်းဆောင်ကြီးများ သတိပြုမိစေရန် တင်ပြလိုပါကြောင်း။ အာဏာရှင် စစ်အုပ်စု၏ မျိုးဖြုတ် သတ်ဖြတ်ခြင်း၊ သွေးခွဲအုပ်ချုပ်ခြင်း စသည့် စစ်ဆင်ရေးများအောက်တွင် အလူးအလဲ ခံစားနေဆဲဖြစ်သော ဘဝတူ တိုင်းရင်းသားများအရေးကို အတူတကွ ပိုမိုပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် တပြည်လုံးအတိုင်း အတာဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရရှိခံစားနိုင်စေရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ကြီးတည်ဆောက်နိုင်သည်အထိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု နှင့်အတူ ဝသပ မှ ဦးဆောင်ပါဝင်ပါရန် ဖိတ်ခေါ် ကြောင်း” စသည်ဖြင့် ရေးသားထားပါသည်။

၂ဝဝ၉ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့မှ (၉)ရက်နေ့ အထိ KNU ထိမ်းချုပ်သည့်နေရာတနေရာတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့သည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)၏ သတ္တမအကြိမ်မြောက် ညီလာခံက အဆိုပါဂုဏ်ပြုသဝဏ်လွှာကို လွန်ခဲ့သည့်ဧပြီလ (၁၀)ရက်နေ့စွဲ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော အနှစ် (၂ဝ) ကာလက “ဝ” ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ပြန်လည်ရယူနိုင်ရန်နှင့် “ဝ”  ပြည် ကို ပြန်လည်ဖော်ထုတ်နိုင်ရန် “ဝ”  အမျိုးသား ခေါင်းဆောင်ကြီးများနှင့် “ဝ” အမျိုးသားတပ်မတော်တို့သည် ရဲရင့် ပြတ်သား သောစိတ်ဓါတ်ဖြင့် “ဝ”  ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSPနှင့်  ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA တို့ကို စတင်ဖွဲ့စည်း ထူထောင်လာခဲ့ကြသည်

အဆိုပါ အနှစ် (၂ဝ) ပြည့် UWSP အထိမ်းအမှတ်ပွဲတော်ကြီး အခမ်းအနားကို အပစ်ရပ်အဖွဲ့များလည်း တက်ရောက်ကြ မည်ဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း တက်ရောက်မည်ဟု မွန်ပြည်သစ်ပါတီ ခေါင်းဆောင် တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ယခင်က မဒတတပ်ပေါင်းစု NDF အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း စစ်အစိုးရနှင့်အပစ်ရပ်ပြီး နောက် ပိုင်းတွင် အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့ရသည်။ KIO ကချင်လွတ်မြောက်အဖွဲ့သည်လည်းထိုနည်းတူ နဝတ စစ်အစိုးရနှင့် အပစ်ရပ်ပြီးတွင် NDF မှ အလိုလို နှုတ်ထွက်လိုက်သည်။

NDF ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားနေသည်။

Most read this week