်မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် မတရားအကျဉ်းချခံရသူ ၈၀ ရာခိုင်နှုံး ကျော်ရှိပြီး အမှန်တကယ် ပစ်မှုကျူးလွန်ခဲ့သူများ အလွန်နည်းပါးကြောင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂပိုရဲဘက်စခန်း (ရာဘာစိုက်ပျိုးရေးစီမံကိန်း) မှ ထွက်ပြေးလွတ်မြောက်လာသူ နိုင်အရှာ (ခေါ်) ကိုအောင်မျိုးပိုင်နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။
အင်္ဂပိုရဲဘက်စခန်းတွင်အကျဉ်းသား၂၀၀ခန့်ရှိပြီး၂၀၀၇ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သောရဟန်း သံဃာတော် ၁၈ ပါး လည်းရှိသည်ဟု ဆိုပါသည်။ ဦးပ ဉ္ဇင်းများမှာ လူဝတ်အတင်းဝတ်ခံ ခဲ့ရသော်လည်း ရဟန်းသံဃာတို့၏ ဝိနည်း တော်နှင့်အညီ နေထိုင်ကျင့်ကြံ လျှက် ရှိကြသည်။ အများအားဖြင့် ရပ်ဝေးဒေသမှ ရခိုင်နှင့် ဗမာလူမျိုးများ ဖြစ်ကြသည်။
အဆိုပါ သံဃာတော်တို့ကို နိုင်ငံရေးအမှုများဖြင့် တရားစွဲဆိုခဲ့ခြင်း မဟုတ်ပဲ လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်း စေသည့် လိမ်လည်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ချခဲ့ခြင်း ဖြစ်ကြောင်း ဦးပ ဉ္ဇင်းများ ပြောပြခဲ့သည်ဟု ဆိုပါသည်။
မွန်ပြည်နယ် ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် ဇာတိနေ ကိုအောင်မျိုးပိုင် (နိုင်အရှာ) သည်လည်း စစ်အစိုးရ၏ ကြံ့ဖွ့ံနှင့် မီးသတ်အဖွဲ့ကို မဝင်ခဲ့ခြင်းကြောင့် အာဏာပိုင်များ အမြင်ကပ်ကာ ကျွန်းသစ်တင်ပို့မှု၊ လိမ်လည်မှုတို့ဖြင့် အမည်မသိတရားလိုတစ်ဦး တရားစွဲဆိုမှုကြောင့် ၂-၂-၂၀၀၇ ရက်နေ့က ရေးမြို့တွင် ဖမ်းဆီးခံရပြီး မော်လမြိုင်ခရိုင် တရားရုံး၌ တရားသူကြီး ဒေါ်ချိုချိုမာ ဆိုသူက ၂၇-၂-၂၀၀၈ ရက်တွင် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခဲ့သည်။
ကိုအောင်မျိုးပိုင်ကို အာဏာပိုင်များ အမြင်ကပ်နေရခြင်းမှာ စင်ကာပူမှ ပြန်လည်ရောက်ရှိ လာကြသော မိမိမိတ်ဆွေ အပေါင်းအသင်းတို့နှင့် ငွေကြေးစုဆောင်းပြီး ဆင်းရဲချို့တဲ့၍ ပညာဆက်လက် မသင်ကြားနိုင်သူ ခလေးများအား ပညာသင်ကြားနိုင်ရေးအတွက် တစ်နှစ်လျှင် ခလေး (၁၀) ဦးကို ငွေကြေး ရှာဖွေ ထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါကိစ္စကြောင့် အာဏာပိုင်တို့၏ ခေါ်ယူမေးမြန်း စစ်ဆေးခြင်းတို့ကိုလည်း အကြိမ်ကြိမ် ခံခဲ့ကြရပါသည်။ နှစ်နှစ် တာ ကာလတွင် ခလေး (၂၀) ဦး တို့ကို ကူညီထောက်ပံ့နိုင်ခဲ့ပြီး ဤအမှုရင်ဆိုင်ရပြီး နောက်ပိုင်းတွင် ခလေးများ ပညာသင်ကြားမှု ထောက်ပံ့ရေး အစီအစဉ်များ ရပ်တန့်ခဲ့ရသည်။
ကိုအောင်မျိုးပိုင်သည် နိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ခဲ့ဖူးသော်လည်း စင်ကာပူနိုင်ငံ၌ (၈) နှစ်ခန့် တရားဝင် နေထိုင်ခဲ့ဘူးသဖြင့် မြန်မာ့နိုင်ငံရေး အခြေအနေကို မီဒီယာများကတဆင့် သိရှိနေရသည်။ နေရပ်ဇာတိသို့ ပြန်လည် ရောက်လာသောအခါ ကြံံ့ဖွံ့၊ မီးသတ််််ကဲ့သို့အဖွဲ့များ နှင့် ကင်းကွာစွာ နေထိုင်ခဲ့သူ ဖြစ်သည်။
ကိုယ်ပိုင်သစ်စက်ငယ်တခုကို ရေးမြို့တွင်တည်၍ မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်ယင်း အဆိုပါငွေကြေး ချို့တဲ့ သည့်ခလေးများ ပညာသင်ကြား ရေးကိုသာ အာရုံပြုခဲ့သည်။ တဖက်နိုင်ငံသို့ ကျွန်းသစ်တင်ပို့ရောင်းချသူဟု မသင်္ကာ မှုဖြင့် အာဏာပိုင်များက ကိုအောင်မျိုးပိုင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။ ရေးမြို့နယ် ဒေသတဝိုက်တွင် ကျွန်းသစ်များ လုံးဝမထွက်ရှိပေ။
ကိုအောင်မျိုးပိုင်သည် ကျွန်းသစ်များ တင်ပို့ရောင်းချခြင်း မပြုလုပ်ခဲ့ရကြောင်းကို ဖမ်းဆီးခံရစဉ်တွင် အတန်တန်ငြင်း ဆိုခဲ့သည်။ သို့သော်လည်း မော်လမြိုင်ခရိုင် ရဲအချုပ်ခန်းတွင် ဦးခင်အောင် (မြို့နယ်ရဲမှူး) ဆိုသူ စစ်ကြောမေးမြန်းရာ၌ အကြိမ်ကြိမ်ရိုက်နှက် နှိပ်စက်ခံခဲ့ရသည်။ ဦးခေါင်းအတွင်း ဒဏ်ရာများ ရရှိခဲ့ပြီး စကားပြောရာတွင်လည်း ယခင်ကဲ့သို့ ပီသရှင်းလင်းမှု မရှိတော့ဘဲ စကားလုံးတလုံးချင်း စီကာ တဖြေးဖြေးသာ ပြောဆိုနိုင်တော့သည်။
အဆိုပါ ရဲတို့သည် ညအချိန်များတို့တွင် မူးယစ်သောက်စားလာပြီးမှ စစ်ကြောမေးမြန်းတတ်ကြပြီး ကိုအောင်မျိုးပိုင်၏ လက်နှစ်ဖက်ကို ကြိုးတွဲလောင်း ချည်ကာ တန်းလန်းဆွဲလျှက် ဝန်ခံလက်မှတ်မထိုးမချင်း မေ့မျောသည်အထိ ဝိုင်းပြီး ရိုက်နှက်ကြသည်။ သတိပြန်လည်လာလျှင် ၎င်းတို့ရေးပေးထားသော စာရွက်ပေါ်တွင် လက်မှတ်အတင်း ထိုးခိုင်းပြန် သည်။ မထိုးလျှင် မေ့မျောအောင် ရိုက်ပြန်သည်ဟု ဆိုပါသည်။
ထောင်ထဲတွင်မိမိကဲ့သို့ အကျဉ်းကျခံ နေရသူတို့သည်လည်း အများအားဖြင့် အာဏာပိုင်များ အကွက်ဆင် ဖမ်းဆီး ထောင်ချခဲ့သူများ အများအပြား ရှိနေကြာင်း ကိုအောင်မျိုးပိုင်က ဆက်လက် ပြောဆိုပါသည်။
“ချဲမှု၊ မူးယစ်ဆေး ဝါးမှု၊တရားမမှု များစွာတို့မှာ အမှန်တကယ် ပစ်မှုကျူးလွန် ခဲ့သူများ မဟုတ်ကြပဲ ထောင်ခြောက်ဆင် အဖမ်းခံရသူတွေသာ များပါတယ်၊ မပေါ်တဲ့အမှုတွေကို ဒီကောင်တရားခံပဲဆိုပြီး အတင်းစွပ်စွဲ ရိုက်နှက် ဝန်ခံခိုင်းတာ၊ ကိုယ်ကချဲထီမလောင်းပဲ ချဲအမှုနဲ့ ထောင်ကျခံနေရသူတွေနဲ့ ကျနော် တော်တော်များ စကားပြောဖြစ်ခဲ့တယ်” ဟု ၄င်းက ဆက်ပြောသည်။
ကိုအောင်မျိုးပိုင် မော်လမြိုင်ထောင်တွင် နေခဲ့ရပြီး နိုင်ငံရေးအမှု မဟုတ်သဖြင့် အင်္ဂပိုရဲဘက်စခန်းသို့ ၂-၃-၂၀၀၈ ရက်နေ့တွင် ပြောင်းရွေ့ခံခဲ့ရသည်။ ဤရဲဘက်သို့ ရောက်ရှိရန်နှင့် ရဲဘက်စခန်းတွင်း ထမင်းချက်ဆောင်တွင် နေရာရရန် မော်လမြိုင်ထောင်ပိုင် ဦးမိုးကျော်အောင်နှင့် အင်္ဂပိုရဲဘက်စခန်း တာဝန်ခံ ဦးဗိုက်ပူ (အများအခေါ်) တို့ကို လာဘ်ငွေ ကျပ်ငါးသိန်း စီပေးခဲ့ရသည်။ ထမင်းချက်ဆောင်နေသူများမှာ သာမန်လူတစ်ဦးကဲ့သို့ နေထိုင်နိုင်ပြီး တခါတလေ အပြင် ထွက်ခွင့်ရှိသည်။ မိသားစုနှင့်လည်း ခေတ္တအတူ နေထိုင်နိုင်သည်။ သံခြေကျင်းလည်း အခတ်မခံရပေ။
အဆိုပါ ရဲဘက်စခန်း ရာဘာစိုက်ပျိုးရေးခြံများတွင် အလုပ်ကြမ်းတမ်းပြီး အဖျားအနာ ထူပြောသဖြင့် ရဲဘက်အကျဉ်း သားများ မကြာခဏ သေဆုံးမှု များ ရှိသည်။ ဤဒေသရှိ အစိုးရဆီအုန်းစိုက်ခြံနှင့် အခြားဥယာဉ်ခြံတို့တွင်လည်း သံခြေကျင်းခတ် ရဲဘက်အကျဉ်းသား အများအပြား အလုပ်လုပ်နေ ကြရသည်။
ကိုအောင်မျိုးပိုင်သည် မိိသားစုနှင့် ဖုန်းဆက်ရန် အကြောင်းပြပြီး အပြင်ထွက်ခွင့်ရသဖြင့် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာ လတွင်အဆိုပါရဲဘက်စခန်းမှ တဆင့် ထိုင်းနယ်စပ်သို့ ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ မိတ်ဆွေသူငယ်ချင်းများ အကူအညီဖြင့် ယ္ခုအခါ မလေးရှားနိုင်ငံသို့ လွန်ခဲ့သည့် မတ်လ (၁၀) ရက်နေ့က ရောက်ရှိလာသည်။