သတ္တမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံကို ယမန်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးသွား ပြီဖြစ်ကြောင်း ပါတီဗဟိုအထွေထွေအတွင်းရေးမှူး နိုင်ဟံသာကပြောပါသည်။ မွန်ပြည်သစ်ပါတီ၏ ယ္ခုသတ္တမ အကြိမ် အထွေထွေညီလာခံကြီး ဆုံးဖြတ်ချက်များတွင် ရှေ့သို့ဆက်လက် လုပ်ဆောင်သွားရမည့် ရပ်တည်ချက် များမှာ တစ်စုံတစ်ရာ အပြောင်းအလဲမရှိပဲ မူလကထုတ်ပြန်ခဲ့သည့် သဘောထားရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟုဆိုပါသည်။
၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဝင်ရောက်မည်မဟုတ်သလို စစ်အစိုးရပြောဆိုနေသည့် မွန်အမျိုးသားလွတ်မြောက် ရေးတပ်မတော် MNLA ကိုလည်း စစ်အစိုးရကာကွယ်ရေးဌာန လက်အောက်တွင် ထားရှိမည်မဟုတ်ကြောင်း ဤညီလာခံတွင် ပြတ်သားစွာ အတည်ပြုခဲ့ကြသည်။ ယခုကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ သတ္တမအကြိမ်မြောက် ညီလာခံသည် ပါတီဝင်ထုတရပ်လုံးတွင် အထက်မှအောက်ခြေအထိတစုတစည်းသောညီညွတ်မှု လက္ခဏာကို ဆောင်ခဲ့ပါသည်။ အထူးသဖြင့် ခေါင်းဆောင်းများကို လျှိ့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်ကြရာတွင် အပြောင်းအလဲ တစုံတရာမရှိခဲ့ပဲ လစ်လပ်သောခေါင်းဆောင်နေရာတွင်် လူငယ်ခေါင်းဆောင်သစ်များ ဝင်ရောက် နေရာယူခွင့် ရရှိခဲ့ကြပါသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် ယခုစစ်အစိုးရရေးဆွဲခဲ့သည့် ဖွဲွ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးအမျိုးသား ညီလာခံကိုတက်ရောက်ခဲ့ရာတွင် စစ်အစိုးရချမှတ်သည့်မူလမ်းစဉ်ကို လက်မခံနိုင်သဖြင့် နောက်ပိုင်းတွင် လေ့လာ သူအဆင့်သာစေလွှတ်၍ ဆက်လက်တက်ရောက်စေခဲ့သည်။
မွန်ပြည်သစ်ပါတီကို ၁၉၅၈ ဇူလိုင်လ ၂၀ တွင် နိုင်ရွှေကျင်ဦးစီးပြီး စတင်ဖွဲ့စည်းခဲ့သော်လည်း ပါတီအတိုင်းအတာ တခုလုံးအဆင့် ပါတီဗဟိုညီလာခံကို အခြေအနေအရပ်ရပ်ကြောင့် ၁၉၈၉ ခုနှစ်မှစတင်၍ ပထမအကြိမ် ညီလာခံကို ကျင်းပနိုင်ခဲ့သည်။ ၁၉၉၅ ခုနှစ် စစ်အစိုးရနှင့်အပစ်ရပ်စဲမှုပြုလုပ်ခဲ့ပြီးနောက် တတိယအကြိမ်မြောက်ညီလာခံကို ၁၉၉၆ မှ ယ္ခုသတ္တမအကြိမ်မြောက်ညီလာခံ ၂၀၀၉ အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အထူးသဖြင့် ထိုညီလာခံများတွင် စစ်အစိုးရ၏ အမျိုးသားညီလာခံကိုမထောက်ခံခဲ့သလို တဖက်သတ်မူဝါဒများချမှတ်ပြီး ရေးသားအတည်ပြုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘော ထားတို့ကို ပါတီတရပ်လုံးကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစု ဆုံးဖြတ်ချက်ဖြင့် ရပ်တည်ခဲ့သော လက်နက် ကိုင်ပါတီတစ်ရပ်ဖြစ်သည်။