အန္တာရာယ်များသည့် သဲတောင်လမ်းပြုပြင်ရန် အစိုးရထံတင်ပြ

အန္တာရာယ်များသည့် သဲတောင်လမ်းပြုပြင်ရန် အစိုးရထံတင်ပြ
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ပေါ်ရှိ သဲတောင်လမ်းသည် မိုးတွင်းသွားလာရန် အန္တာရာယ်ရှိသည့် အတွက် ကျောက်ချောလမ်းပြုလုပ်ပေးရန် အစိုးရထံသို့ တင်ပြတောင်းဆိုထားသည်ဟု သဲတူးကော်မတီအဖွဲ့မှ ဦးရန်နိုင်စိုးက ပြောသည်။

ဦးရန်နိုင်စိုးက “အန္တာရာယ်မရှိဖို့အတွက်ပါ ကျနော်တို့ဘက်ကလည်း ပြဿနာမဖြစ်ဖို့အတွက်ပါ။ ဒါက ဒေသဖွံ့ဖြိုးရေးအတွက်ပါပဲ။ တစ်ပြည်နယ်လုံးကို ဖြန့်တဲ့သဲပါပဲ” ဟုပြောသည်။

sand-road

ဒီးမော့ဆိုမြို့ပေါ်ရှိ သဲတောင် အဓိကလမ်းဖြစ်သည့် ရူးဖယ်ခူရပ်ကွက်မှ သဲတောင်ခြေရင်းအထိ လမ်းများကို ပြုလုပ်ပေးရန် ဇန်နဝါရီလအတွင်းတွင် သဲတောင်ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တင်ပြတောင်းဆိုထားခဲ့ ပြီးဖြစ်သည်ဟု သိရသည်။

ဒီးမော့ဆိုမြို့မှ သဲတောင်ရှိလမ်းများကို သဲတူးသမားများက နှစ်စဉ်နှစ်တိုင်း ကိုယ်ထူကိုယ်ထပြုပြင် လျက်ရှိသော်လည်း လမ်းများသည် ကားကြီးများအသွားအလာများ လာသည့်အတွက် ပျက်စီးလာခြင်းဖြစ်သည်။

“ခုကျနော်တို့ သဲတူးသမားနဲ့ ကားသမားနဲ့ ကိုယ့်အားကိုယ်ကိုးပြင်တဲ့အခါကျတော့ ပြင်လာတာ နှစ်ပေါင်းလဲ မနည်းတော့ဘူး။ ကောင်းလာတာလဲမရှိဘူး အဲလိုဖြစ်နေတယ်။ အစိုးရအနေနဲ့ပြင်ပေးနိုင်မယ်ဆိုရင်ပိုပြီး အဆင်ပြေတာပေါ့” ဟု သဲတူးကော်မတီအဖွဲ့မှ ဦးစဲရယ်က ပြောသည်။

သဲတောင်တွင် သဲတူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သဲကျင်းပိုင်ရှင်များက ၂၀၁၄ခုနှစ် အောက်တိုဘာလ တွင် အစိုးရထံသို့ အခွန်များကို စတင်ပေးဆောင်လျက်ရှိသည်ဟု သိရသည်။

ကယားပြည်နယ်ရှိ သဲတောင်များတွင် သဲတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဥပဒေနှင့်အညီ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သဲတူးသမားများက မသိရှိကြကြောင်း၊ အချို့ကျေးရွာများတွင် စီးပွားရေးသမားများက ဥပဒေမဲ့ သဲတူးဖော်ရေးလုပ်ငန်းများကိုလည်း မြေကော်စက် (ဘက်ဟိုး)များဖြင့် ပြုလုပ်နေကြသည်ဟုလည်း သိရသည်။