ကယား မြေယာအများစုကို တပ်နှင့် ကုမ္ပဏီများ ပိုင်ဆိုင်ကြောင်း ဆို

ကယား မြေယာအများစုကို တပ်နှင့် ကုမ္ပဏီများ ပိုင်ဆိုင်ကြောင်း ဆို
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဆိုးလျားကူးကျေးရွာတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် လယ်ယာမြေ မူဝါဒများအပေါ် ဆွေးနွေးသုံးသပ်သည့် တောင်သူလယ်သမားများ ညီလာခံတစ်ခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်သွားခဲ့ရာ တပြည်နယ်လုံးမှ တောင်သူလယ်သမား ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးချက်အရ ပြည်နယ်တွင်း မြေယာအများစုကို တပ်နှင့် ကုမ္ပဏီများ ပိုင်ဆိုင်နေကြောင်း သုံးသပ်ရသည်ဟု ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ပေးသူ ဆရာ ကော်ရီယိုက ပြောသည်။

“တကယ်တမ်းကျတော့ ပြည်နယ်တွင်းမှာခြံုကြည့်ရင် တပ်သိမ်းမြေတွေ အရမ်းများတယ်၊ တပ်နဲ့လူတစ်စုက မြေယာ သုံးပုံမှာ နှစ်ပုံလောက်ပိုင်ဆိုင်နေကြတာတွေကို သုံးသပ်ခဲ့ကြတယ်ပေါ့” ဟု ဆရာ ကော်ရီယိုက ပြောသည်။

farmer-conference-newspic

ထို့နည်းတူ ကယားပြည်နယ်သည် လယ်သိမ်း၊ ယာသိမ်းပြဿနာများ ရှိနေသော ပြည်နယ်တစ်ခုဖြစ်သည်။

ကယားပြည်နယ်တွင်းရှိ တောင်သူအများစု၏ မြေယာများမှာ မတရားသိမ်းဆည်းခံထားရပြီး ပြန်လည်ရရှိဖို့ရန် အတွက် တောင်သူများ အားကောင်းဖို့ လိုအပ်နေကြောင်း ဒို့မြေကွန်ယက် ဦးဆောင်သူ ကိုစည်သူက ပြောသည်။

“ဒီမှာရှိတဲ့ တောင်သူအရေး လှုပ်ရှားနေတဲ့လူတွေ စုစည်းပြီး တောင်သူတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်တောင်းရမှာပေါ့နော် စုစုစည်းစည်း ဝိုင်းလုပ်ရင်တော့ အဆင်ပြေလာမှာပေါ့နော်” ဟု ကိုစည်သူကပြောသည်။

ညီလာခံတွင် အဓိကအားဖြင့် တပ်သိမ်းမြေကိစ္စရပ်များ၊ စီမံကိန်းကြောင့် ရွေ့ပြောင်းခံရ သည့် မြေယာပြဿနာရပ်များ၊ လက်ရှိကျင့်သုံးနေသည့် မြေယာဥပဒေများ၊ ဓလေ့ထုံးတမ်း ဥပဒေရပ်များ၊ သမဂ္ဂဖွဲ့စည်းရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

farmer-conference-newspic2

“အခုလိုညီလာခံခေါ်တာ အရမ်းကောင်းတယ် ကျနော်တို့မှာဖြစ်နေတဲ့ ပြဿနာတွေကို ဝိုင်းပြီးဆွေးနွေးကြတယ် အကြံဉာဏ်တွေရတယ် ပြီးတော့ ဒေသအသီးသီးက တောင်သူတွေအားလုံး ပထမဆုံး စုစည်းလိုက်နိုင်တယ်” ဟု ညီလာခံတတ်ရောက်လာသည့် တောင်သူတစ်ဦးက ပြောသည်။

ညီလာခံသို့ ရွာသစ်မြို့နယ်ခွဲနှင့် မယ်စဲမြို့နယ်မှလွဲ၍ ကျန်မြို့နယ် ခြောက်ခုမှ တောင်သူလယ်သမားကိုယ်စား လှယ်များ အပြင်၊ ရှမ်း-ကယားနယ်စပ်မှ တောင်သူ ၁၇၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။