ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါခူလီကျေးရွာတွင် ကိုယ်ထူကိုယ်ထ မူကြိုကျောင်း တည်ဆောက်ရန် ကုန်ကျစရိတ်ကို ရွာသားများ မတတ်နိုင်သည့်အတွက် သြစတေးလျနိုင်ငံသားအလှူရှင်မှ ကုန်ကျစရိတ် ထက်ဝက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း လွိုင်ကော် ကက်သလစ် ကရုဏာမှ စီမံကိန်းမှူး ဆရာ ပေါလ်တင်မိုးဝေက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
"သြစတေးလျကနေ အလှူရှင် ဂျော့လူရင်ဆိုတဲ့လူက ဒီဒေါခူလီရွာမှာ ကျွန်တော်တို့တည်ဆောက်မယ့် ဒီမူကြိုကျောင်းကိစ္စနဲ့ပတ်သက်ပြီးလူထုကို လာတွေ့ဆုံတာဖြစ်တယ်" ဟု ၎င်းကပြောသည်။
စီမံကိန်း အကောင်အထည်ဖော််နိုင်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် Care Myanmar (ကဲ မြန်မာ) ၊ ကရုဏာ အဖွဲ့နှင့်အတူ အလှူရှင်များက မူကြိုကျောင်းဆောက်လုပ်ရန် မြေနေရာများကို လာရောက်လေ့လာခဲ့ပြီး ဒေသခံလူထုနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ထိုမူကြိုကျောင်း တည်ဆောက်ရေး စီမံကိန်းကိုမှု Care Myanmar(ကဲ မြန်မာ)နှင့် လွိုင်ကော် ကရုဏာအဖွဲ့တို့ ပူးပေါင်း ဆောင်ရွတ်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
မူကြိုကျောင်းဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်တဝက်ကို အလှူရှင်များမှ ထောက်ပံ့ပေးမည်ဖြစ်သော်လည်း ကျန်ရှိသော ကုန်ကျစရိတ်ထက်ဝက်နှင့် မူကြိုဆရာ၊ ဆရာမများ၏ လစာများကိုမူ ဒေသခံရွာသားများကသာ တာဝန်ယူရမည်ဟု သိရသည်။
မူကြိုကျောင်းနှင့် ပတ်သက်၍ အစိုးရမှ ကူညီထောက်ပံ့မှုများ မရှိသည့်အတွက် ဒေသခံများက ယခုလို အလှူရှင်များထံ တင်ပြတောင်းဆိုးထားခြင်း ဖြစ်သည်။
“မူကြိုကျောင်းလိုမျိုးက တော်တော်များများ အခြားနိုင်ငံမှာဆိုရင် အစိုးရကထောက်ပံ့ပေးတယ် ကိုယ်ထူကိုယ်ထ ဆိုတာမျိုးက ရှားတယ်” ဟု LDN (Local Development Network) မှ ဆရာမိုးဇက်ကပြောသည်။
Care Myanmar (ကဲမြန်မာ) နှင့် ကရုဏာ အဖွဲတို့ပေါင်းစပ်ဖွဲ့စည်းထားသော စီမံကိန်းမှ ကယားပြည်နယ်တွင်း ကျေးရွာ ၄၄ရွာတွင် ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာ အကူအညီများ ထောက်ပ့ံပေးနေကြောင်း သိရသည်။