ကရင်နီစာပေ အဘိဓာန် ထွက်မည်

ကရင်နီစာပေ အဘိဓာန် ထွက်မည်
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်လွှတ်တော်မှ စက်တင်ဘာလအတွင်းတွင် အတည်ပြုလိုက်သည့် ကယား(ကရင်နီ) စာပေဖြစ်သော ကြယ်ဖိုးကြီးဗျည်းအက္ခရာစာပေ အဘိဓာန်စာအုပ် မကြာမီ ထွက်ရှိတော့မည်ဟု ကယားအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မှ ဦးမိုးဇက်အောင်လင်းက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြောသည်။

ဦးမိုးဇက်အောင်လင်းက “ကျွန်တော်တို့ ကယားစကားက အရမ်းကြွယ်ဝတယ်။ ဒါကြောင့်မို့လည်း ဒီခေတ်လူငယ်တွေ ဒီခေတ်သားမီးတွေက မသုံးတော့ဘူး။ မသုံးတော့ ကြာလာရင် ကျွန်တော်တို့ စကားတွေ ပျောက်တော့မယ်လေ။ စာတွေလည်း ပျောက်နိုင်တယ်။ ဒါကြောင့်မို့ ကျတော်တို့ အခုချိန်မှာ ဒီအဘိဓာန်ကို ရအောင်ထုတ်ရခြင်းဖြစ်တယ်”ဟု ပြောသည်။

ထိုအဘိဓာန်ကို အင်္ဂလိပ်မှ ကယား၊ ကယားမှ အင်္ဂလိပ်ဖြစ်ပြီး စကားလုံးပေါင်း တစ်သောင်းဝန်းကျင် ပါဝင်မည်ဖြစ်ကာ လာမည့်၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထွက်ရှိမည်ဟု သိရသည်။

ယခုအခါ ထိုစာပေကို ကျောင်းတွင်အချိန်ပို သင်ကြားခွင့်ရရှိထားပြီး မြန်မာ့အသံမှ ကယားဘာသာအစီအစဉ်နှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကယားတိုင်းရင်းသားဘာသာ သင်ကြားရေးအစီအစဉ်တွင်လည်းကောင်း အသုံးပြုနေပြီဖြစ်သည်။

ကယားစာ( ကြယ်ဖိုးကြီး) ကို ကျောင်းမှာ သင်ကြားခွင့်ရသည်သာမက မြန်မာ့အသံမှ ကယားဘာသာ အစီအစဉ်တွင်လည်း အသုံးပြုတော့မည် ဖြစ်ကြောင်း သိရသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင်လည်း ကယားစာ(ကြယ်ဖိုးကြီး)စာကို အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့အသံ ကယားဘာသာ အစီအစဉ်တွင် တာဝန်ထမ်းဆောင်နေသော ထျားရုအောင်က “ဒါကကောင်းပါတယ်။ ဒီကြယ်ဖိုးကြီး စာကတော်တော်လေးကို ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို ဒီကြယ်ဖိုးကြီးဗျည်းဟာပေါ့နော် နိုင်ငံတကာမှာလည်း ပေါက်ရောက်နေပြီ။ နောက်ပြီးတော့ တချို့နေရာမှာလည်း တော်တော်လေး ကျွမ်းကျင်တဲ့ သူတွေလည်း တော်တော်လေးများနေပြီပေါ့နော်။ ဒီစာပေနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ တော်တော်လေး ကောင်းပါတယ်။ ဒါက အဖြစ်အပျက်မှန်တယ်ပေါ့နော်။ ဒီကယားတမျိုးသားလုံးအတွက် တော်တော်လေးကောင်းပါတယ်” ဟု ပြောသည်။

ထိုအဘိဓာန်ထွက်လာခြင်းဖြင့် အခြေခံကျောင်းရှိ ကလေးများသည်လည်း ကယားစာ(ကြယ်ဖိုးကြီး) စာ၏ အဓိပ္ပါယ်ကို ပိုမို နားလည်လာမည်ဖြစ်ပြီး လက်စွဲကိုင်သည့် သူများက ပိုမိုလေ့လာနိုင်မှာဖြစ်ကြောင်း အမျိုးသားစာပေ၏ လေးနက်သည့် အဓိပ္ပါယ်ကို ပိုမိုနားလည်မည်ဖြစ်ကြောင်း ဦးမိုးဇက်အောင်လင်းက ပြောဆိုသွာသည်။

ကယားစာပေသည် ယခင်က ကြယ်ဖိုးကြီးစာပေ၊ မြန်မာဗျည်းအက္ခရာစာပေနှင့် ရောမဗျည်းအက္ခရာစာပေ သုံးမျိုးဖြင့် ပြည်သူများအကြားအသုံးပြုခဲ့ကြရာ စက်တင်ဘာလတွင်းတွင် ပြုလုပ်သည့် ပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်မှ ကြယ်ဖိုးကြီးစာပေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အစိုးရမှ ယခုလို အတည်ပြုပြီးနောက်တွင် စာပေနှင့်ပတ်သက်၍ ဆောင်ရွက်ရာ ယခင်ကထက် ပိုမိုလွယ်ကူလျက်ရှိလာကြောင်း သိရသည်။

Most read this week