အစိုးရ ဌာနဆိုင်ရာများမှ ဘိန်းတိုက်ဖျက်ရေး လုပ်ရှားများတွင် အစားထိုးသီးနှံများနှင့် အခြားဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ကျေးရွာတောင်သူများက အခက်ခဲကြံုနေကြရကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံ ဘိန်းစိုက်တောင်သူများက ဆိုသည်။
“ဒီမှာအခက်အခဲကပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ရေ၊ မီးတွေ လိုအပ်ချက်အများကြီး ရှိတယ်။ အဲဒါတွေ သူတို့လုပ်ပေးနိုင်ရင်တော့ ကျနော်တို့ ဘိန်းဖျက်တာကို ကျနော်တို့လုံးဝ လုပ်ပေးချင်ပါတယ်။ ကျနော်တို့ လုံးဝ ပြတ်ချင်ပြီးသားလည်း ဖြစ်တယ်” ဟု ဘိန်းစိုက်တောင်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
၎င်းဒေသတွင် ဘိန်းကိုသာအဓိကစိုက်ပျိုးနေကြပြီး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အသုံးစရိတ်များအတွက် စျေးကောင်းရနေသောဘိန်းကိုသာ စိုက်ပျိုးကြကြောင်းဆိုသည်။
၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့်လက်ထက်တွင် ဘိန်းအစားထိုးသီးနှံများ ချပေးခဲ့သော်လည်း မအောင်မြင်သည့် အတွက် ဘိန်းကိုသာ ပြန်လည်စိုက်ပျိုးလာကြကြောင်း တောင်သူတစ်ဦးက ပြောသည်။
“အဲချိန်မှာကျနော်တို့ ဒီပန်းဂျံု တောင်းတာပေ့ါ ။ ပန်းဂျုံစိုက်မယ်ဆိုတဲ့အချိန်ကတော့ သူတို့မျိုးစေ့တော့ ချပေးပါတယ်။ ချပေးတဲ့အချိန် ကျနော်တို့ ဒီဂွင်ကျတော့ ကြီးကြီးကျယ်ကျယ်တော့ စိုက်ပါတယ်။ မျိုးစေ့ချတာ နောက်ကျတဲ့အတွက်ကြောင့် ကျနော်တို့ကမအောင်မြင်ခဲ့ဘူးပေ့ါ“ ဟုဆိုသည်။
၎င်းဒေသတွင် အချို့သီးနှံများကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးနိုင်သော်လည်း ရောင်းဝယ်ရန် စျေးကွက် မရှိခြင်းကြောင့် အခက်ကြံုနေရကြောင်း လည်းဆိုသည်။
ထို့အပြင် ဘိန်းစိုက်ပျိုးမှု ပပျောက်လိုလျှင် လျှပ်စစ်မီး၊ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး နှင့် ကျန်းမာရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးများကို အလျှင်ဆောင်ရွက်ပေးသင့်ကြောင့် တောင်သူတစ်ဦးကဆိုသည်။
၎င်းဒေသတွင် ရီလုံရီကန်၊ ရီနွဲ့နှင့် ခေါင်းအိ စသည့် ကျေးရွာအုပ်စု (၃) အုပ်စုရှိပြီး အိမ်ခြေ (၄၀၀၀) ကျော်ရှိကြောင်း သိရသည်။
ကယားပြည်နယ် တွင်း ဘိန်းစိုက်ပျိုးမှုမှာ ပုံမှန် အနေထားလောက်သာ ရှိပြီး သွားလာရေး ခက်ခဲသည့် ရှမ်းပြည်နယ်စပ် တောင်စောင်း ကွယ်များတွင် ခိုးဝှက်၍ အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
အစိုးရ ဌာနဆိုင်ရာများမှ ဘိန်းတိုက်ဖျက်ရေး လုပ်ရှားများကို ယခု ၂၀၁၄ ခုနှစ်အတွင် တတိယအကြိမ် အဖြစ် ဖယ်မြို့နယ် အနောက်ဖက်ရှိ ဘိန်းစိုက်ခင်းများတွင် နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်သွားကြောင်း သိရသည်။