စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်မြောင်း ကားလမ်း ဘောင်ပေါ်မှ လမ်းအသစ် ဖောက်လုပ်လျှက်ရှိသော ဆည်ဘောင်အောက် သို့ နယ်ခြားစောင့်တပ်ကား ဖိုးဝီး တစ်စီး ပြုတ်ကျ၍ တိမ်းမှောက်သွားကြောင်း သိရသည်။
၎င်း (ဖိုးဝီး)ကားသည် အမှတ် (၁၀၀၄)နယ်ခြားစောင့်တပ်၊ ပန်တိမ်း၊ မယ်စဲမြို့ တပ်ပိုင်ကား ဖြစ်ကြောင်း သိရသည်။
တိမ်းမှောက်သွားသည့် ယဉ်အား ကိုယ်ပိုင်အမှတ် - နခတ ၁၀၁၆၂၅ တပ်ကြပ် ဇေယျာမင်း (၃၀) နှစ် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်၊ ပန်တိမ်း၊ မယ်စဲမြို့နယ်မှ မောင်းနှင်လာခြင်း ဖြစ်ပြီး ယဉ်ပေါ်တွင် ဒု-တပ်ကြပ် မင်းဇော်(ကိုယ်ပိုင်အမှတ် စီစစ်ဆဲ) (၃၀) နှစ် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်၊ ပန်တိမ်း၊ မယ်စဲမြို့ နှင့် စိုင်းသူ အသက် (၂၄) နှစ် မှတ်ပုံတင်အမှတ် ၂/ဖဆန (နိုင်) ၀၁၁၁၂၁၊ တောင်ပိုင်းရပ်ကွက်၊ ဖားဆောင်းမြို့ နေသူ (အရပ်သား) တို့ လိုက်ပါခဲ့သည်။
ဖြစ်စဉ်မှာ လွိုင်ကော်ဖက်မှ ဒီးမော့ဆိုဘက်သို့ မောင်းနှင်လာသော ယဉ်အမှတ် -၇ခ/၅၂၉၁၊ တိုရိုတာခဲပုတ် ရောင် (ဖိုးဝီး) သည် ဒီးမော့ဆို-လွိုင်ကော် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၂၀/၆) နှင့် (၁၂၀/၇) အကြား ကားရှေ့ဝဲဘက်ခြမ်း တိုက်လော့ပြုတ်၍ လမ်း၏ ယာဘက်ခြမ်း သို့ကွေ့သွားပြီး လမ်းဘေးရှိ ပန်းစိုက်ထားသည့် အုတ်ခုံအား ဝင်တိုက်ကာ၊ ကား၏ ရှေ့ဝဲဘက်ဘီး ပြုတ်ထွက် ၍ အရှိန်မထိန်းနိုင်ဘဲ ငွေတောင်ဆည် ဘောင် အောက်ရှိ လမ်းအသစ်ဖောက်လုပ် နေသည့်နေရာသို့ ထိုးကျကာပက်လက်အနေအထား တိမ်းမှောက်သွား ကြောင်း သိရသည်။
ယဉ်မောင်းသူ တပ်ကြပ် ဇေယျာမင်းတွင် ဝဲဘက် လက်ခုံပွန်းပဲ့ ပေါက်ပြဲဒဏ်ရာ တစ်ခု၊ နဖူးယာဘက် ပွန်းပဲ့ဒဏ်ရာ တစ်ခု ရရှိခဲ့ပြီး အပြင်လူနာအဖြစ် ဆေးကုသမှု ခံယူနေကာ မစိုးရိမ်ရသော်လည်း ယဉ်ပေါ် လိုက်ပါလာသူ ဒု-တပ်ကြပ် မင်းဇော်မှာမူ အပေါ်နှုတ်ခမ်း စုပ်ပြဲဒဏ်ရာ တစ်ခု၊ ယာဘက်ဂျိုစောင်း စုပ်ပြဲ ပြီး ဝဲဘက်နားရွက်စုပ်ပြဲ ဒဏ်ရာ တစ်ခု နဖူးဝဲဘက် ဖူးရောင်ဒဏ်ရာ တစ်ခု ရရှိခဲ့ပြီး စိုးရိမ်းရကာ ဒီးမော့ဆို ဆေးရုံမှ လွိုင်ကော် တပ်မတော်ဆေးရုံ သို့ လွှဲပြောင်းကုသ လျှက်ရှိပြီး စိုင်းသူမှာ ဒဏ်ရာ မရကြောင်း သိရသည်။
ယဉ်မောင်းသူ တပ်ကြပ်ဇေယျာမင်းအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် မောင်မောင်စိုး မှ တရာလိုပြုလုပ် တိုင်တန်းရာ ဒီးမော့ဆိုမြို့မ ရဲစခန်း ယဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် စစ်ဆေး လျှက်ရှိကြောင်း သိရသည်။