စစ်တပ်ကား နေအိမ် ခြံစည်းရိုး ၀င်တိုက်မိရာ လူသုံးဦး ဒါဏ်ရာရ

စစ်တပ်ကား နေအိမ် ခြံစည်းရိုး ၀င်တိုက်မိရာ လူသုံးဦး ဒါဏ်ရာရ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်ရှိ မာခရော်ရှေးကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ည ၆ နာရီ ခွဲခန့်က စစ်ဗိုလ်တစ်ဦး မောင်းနှင်သော စစ်ကားတစ်စီး လမ်းဘေးရှိ ခြံကိုဝင်တိုက်မိခဲ့ရာ လူ ၃ ဦးဒဏ်ရာ ရရှိသွားခဲ့ကြကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တ.တ.က)မှ ဒု-ကျောင်းအုပ် ဦးမြင့်ဝေ မောင်းနှင်လာသော ကားတစ်စီးသည် မာခရော်ရှေးရွာ အလယ်ခန့် ရှိ ဦးလီးဖဲ နေအိမ်ရှေ့တွင်ကားကို ပြန်လည့်နောက်ဆုတ်ရာရင်း အရှိန်လွန်ကာ ဦးလီးဖဲ နေအိမ်ကိုတိုက်မိပြီး ခြံရှေ့ရှိ ဦးသန်းထွန်း၊ ဦးလှမိုး နှင့် ကိုမျိုးတို့ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

"ကားဆုတ်လာတော့ ကောင်လေး ၃ ယောက်က အဲ့နားလေးမှာ ရပ်နေတာ၊ တယောက်က ကျမယောင်္ကျား၊... အဲ့လူ(ကားမောင်သူ)က မူးနေတာ။ လာ မင်းတို့တွေသေလိမ့်မယ်ဆိုပြီးတော့ အထဲထဲ ၀င်တုန်းဘဲရှိသေးတယ်၊ ကားက ပြေးချလာတာ သူတို့သုံးယောက်ကမလွတ်တော့ဘူး။ အဲလူက တော်တော်လေးကိုမူးနေတာ အဲ့ဆရာကြီးက" ဟု ဦးသန်းထွန်း၏ ဇနီး မအေးရီက ပြောသွားသည်။

ကားတိုက်ခံရသော သုံးဦအနက်မှ ဦးသန်းထွန်းမှာ ခါးတွင် ဒဏ်ရာအနည်းငယ်မှအပ ထိခိုက်မှု မပြင်းထန်သော လည်း ကျန် ဦးလှမိုးနှင့် ကိုမျိုးတို့နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် လွိုင်ကော်ဆေးရုံကြီးသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

"အဲ့လူက(ဦးမြင့်ဝေ)က အစအဆုံး တာဝန်ယူတယ်လို့ပြောတယ်တဲ့။ သူ့ရဲ့မိသားစုအကြောင်းကို မေးတယ်တဲ့၊ အကုန်လုံး အစစအရာရာတာဝန်ယူပါ့မယ်ဆိုပြီးပြောသွားပါတယ်" ဟု မအေးရီကဆက်ပြောသည်။

အဆိုပါ ထိခိုက်ဒါဏ်ရာရရှိ ခဲ့သူများမှာ မာခရော်ရှေးကျေးရွာတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ရောက်ရှိနေကြသော ပန်းရံအလုပ်သမားများဖြစ်ပြီး ၎င်းတို့နေထိုင်ရန် ဒေသခံ ဦးလီးဖဲ အိမ်ကို ကန်ထရိုက်အင်ဂျင်နီယာမှ ငှားထားပေးခြင်းဖြစ်သည်။