၂၀၁၃ - ၂၀၁၄ ကယားပြည်နယ် အောင်ချက်အပေါ် အားရမှုရှိကြောင်း ပြည်နယ် ဒုညွန်မှူးပြော

၂၀၁၃ - ၂၀၁၄ ကယားပြည်နယ် အောင်ချက်အပေါ် အားရမှုရှိကြောင်း ပြည်နယ် ဒုညွန်မှူးပြော
by -
ကန္တာရဝတီတိုင်း(မ်)

ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကယားပြည်နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုသည် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသေးသော်လည်း ယခင်နှစ်ထက် ၁.၂၁ ရာခိုင်နှုန်း တိုးတက်မှုရှိလာ သည့်အပေါ် အားရမှုရှိကြောင်း ပြည်နယ်ပညာရေးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးစောရှမူအေးလာက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

"ကျနော်တို့ မှတ်ချက်ကို ပြောရမယ်ဆိုရင်တော့ အရင်နှစ် က ၂၅.၅၂ ဒီနှစ်က ၂၆.၇၃ ဟုတ်လား။ ၁.၂၁ တိုးလာတဲ့အပေါ် ကျနော်တို့ကတော့ အရင်နှစ်ရဲ့အားနည်း ချက်ပေါ့နော။ Moderation မရှိတော့ဘူးလေ။ ၄၀ အပြည့်ရတဲ့နှစ်မှာ ကျနော်တို့က ဒီလိုအောင်ချက်မှာ ဘာဘဲဖြစ်ဖြစ် တိုးတက်လာတဲ့အတွက်ကြောင့် ကျနော်တို့က အားရတယ်ပေါ့နော" ဟု ပြောသည်။

အရင်နှစ်အားနည်းချက်ကိုကြည့်ပြီး ဘာသာရပ် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ တောင်ကြီး တက္ကသိုလ်မှဝါရင့် စာစစ်ဆရာများခေါ်ယူသင်ကြားပို့ချစေခြင်း အပါအဝင် ကျောင်းသားများအား ၀န်ကြီးချုပ်မေးခွန်းနှစ်ကြိမ် စစ်ဆေးဖြေဆိုခိုင်းခြင်းများကြောင့် ခုလို အောင်ချက် အနည်းငယ် တိုးတက်လာခြင်းဖြစ်ကြောင်း ဆရာဦးစောရှမူအေးလာက ပြောသည်။

"ခါတိုင်းနှစ်က မေးခွန်းတဒေသနဲ့တဒေသ၊ မေးခွန်းအလေးအပေါ့ နည်းနည်းကွာနေတဲ့ အခါကျတော့ မျှော်မှန်းလို့မရဘူးပေါ့နော။ ဒီနှစ်ကတော့ မေးခွန်းတစ်စုံတည်းဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် တကယ်သင်ရင် သင်သလောက်ထွက်လာမှာဘဲ။ ကျနော်တို့ကလည်း နှစ်စကတည်းကနေ စတွန်းမှာဘဲ"

တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း လာမည့်နှစ်များတွင် ပိုမိုတိုးတက်လာရေးအတွက် ကျောင်းများတွင် အချိန်ပိုသင်ကြားခြင်း၊ ညအိပ်စခန်းသွင်းခြင်း၊ ၀ါရင့်ဆရာ၊ ဆရာမများခေါ်ယူ သင်ကြားပေးခြင်း၊ ဘာသာရပ် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဒီနှစ်ထွက်ရှိလာသော အားနည်းချက်ပေါ်တွင် သုံးသပ်မှုများပြုလုပ်ပြီး အောင်ချက်ပိုမို ကောင်းမွန်လာရေးအတွက် လုပ်ဆောင်သွားမည် ဟုသိရသည်။

လာမည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းသည် တစ်စုံတည်း ဖြစ်မည့်အတွက်ကြောင့် အောင်ချက်တိုးတက် လာရန် ကျောင်းသားများအား ပိုမို ဖိအားပေး သင်ကြားပေးသွားမည်လည်း ပြောဆိုခဲ့သည်။