ရှမ်းပြည်တောင်ပိုင်း တက္ကသိုလ် ကျောင်းသူ/သားများဖြစ်သော ကယားဖူးလူငယ်များသည် မိုးဗြဲမြို့နယ် ဒေါပေါ်ကူးကျေးရွာ၌ ဧပြီလအတွင်း တွေ့ဆုံနှီးနှောဖလှယ်ပွဲတရပ်ကို ၃ ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းတွေ့ဆုံပွဲသည် တတိယအကြိမ်မြောက်ဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ တက္ကသိုလ်ကျောင်းတက်ရန် ငွေကြေးအခက် အခဲရှိသော ကျောင်းသူ/သားများအတွက် ရံပုံငွေရှာပြီး တဖက်တလမ်းမှ အကူအညီပေးနိုင်ရန် ဖြစ်သည်ဟု ရှမ်းပြည်တောင်ပိုင်း ကယားဖူးတက္ကသိုလ် ကျောင်းသားလူငယ်အသင်း၏ ဥက္ကဌဖြစ်သူ ခူးပလျားရယ် မိုးကျော်က ပြောသည်။
̏ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ ရံပုံငွေတွေ ရှာပြီး အင်ဂျင်နီယာကျောင်းပဲ ဖြစ်ဖြစ်၊ ဆရာဝန်ကျောင်းပဲ ဖြစ်ဖြစ်၊ ဥပဒေကျောင်းပဲဖြစ်ဖြစ် စက်မှုကျောင်းပဲဖြစ်ဖြစ် တက်ပြီးငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားတွေ ကိုပြန်ပီး ထောက်ပံ့ပေးမယ့် ရည်ရွယ်ချက်တွေ ရှိပါတယ်။ နောက်ရည်ရွယ်ချက် တစ်ခုက ကယားစာနဲ့ စာအုပ်တွေ မဂ္ဂဇင်းတွေ ထုတ်ဖို့ဖြစ်ပါတယ်״ဟု ပြောသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို ရှမ်းပြည်တောင်ပိုင်းမှ ကယားလူငယ်များစုစည်းပြီး ဧပြီလ၂၈ရက် မှ ၃၀ရက် အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတွေ့ဆုံပွဲတွင် ကယားအမျိုးသားစာပေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူ့အခွင့်အရေးနှင့် လူငယ်နှင့် ဆက်သွယ်ရေးအကြောင်းများ ဆွေးနွေးသင်ကြားခဲ့ကြသည်ဟုသိရသည်။
ထိုဘာသာရပ်များကို သင်ကြားရခြင်းနှင့်ပတ်သက်၍ ̏အစည်းအဝေးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ် တွေက သူတို့ သိချင်တာတွေ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေပဲဖြစ်ဖြစ်၊ တိုးတက်ပြောင်းလဲမှု တွေပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခေါင်းစဉ်တွေကို ရွေးပြီးတော့ သင်တာဖြစ်ပါတယ်။ သူတို့ စိတ်ဝင်စားမဲ့ အရာတွေပေါ့״ ဟုခူးပလျားရယ် မိုးကျော်ကဆက် ပြောသည်။
ကယားဘာသာစာပေနှင့်ပတ်သက်၍ စကားပြန်အကြံပေး ဆရာမြာရယ်(ခ)မြာဒူးက "စာလုံးပေါင်းမမှားဖို့ ချင့်ချိန်ဖို့လိုတယ်။ အရေးကြီးတာက စာက စကားကိုလိုက်ဖို့ စကားက စာကိုလိုက်ရမှာမဟုတ်ဘူး အဓိက ကယားစကားကိုဒီလိုပြောင်းလိုက်ပါလို့ ပြောလို့မရဘူး" ဟု လူငယ်များကို အကြံပေးခဲ့သည်။
ရှမ်းပြည်တောင်ပိုင်းဘက်မှ ကယားလူမျိုးများအတွက် အဓိကစိန်ခေါ်ချက်များသည် ဘာသာစကား အားနည်းလာခြင်းနှင့် ရှမ်းပြည်ဒေသဘက်တွင် မှုးယစ်ဆေးဝါးများ များပြားနေသောကြောင့် ထိုအရာသည်လည်း လူငယ်များအတွက် စိန်ခေါ်မှုကြီးတရပ်ဖြစ်နေသည်ဟု ဆရာမိုးကျော်က ပြောသည်။
ထဖက်တွင် ထိုသို့ ရှမ်းပြည်တောင်ပိုင်းတွင် အခွင့်အရေးနှင့် ပတ်သက်လျှင် အနည်းငယ် တိုးတက်ပြောင်းလဲ လာသော်လည်း ပွင့်လင်းမြင်သာမှု မရှိသေးသောကာလတွင် သင်တန်းများပေးမည်ဆိုလျှင် ထင်သာမြင်သာ ပြုလုပ်ရန်အခက်ခဲရှိနေဆဲဖြစ်သည်ဟုသိရသည်။
ထိုတွေ့ဆုံပွဲကို ၂၀၁၁ခုနှစ်က ကယားပြည်နယ် ဒေါပေါ်ကလဲကျေးရွာတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး၊ ၂၀၁၃ခုတွင်မူ ကွမ်လုံကျေးရွာတွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ် ၂၀၁၄ တတိယအကြိမ်မြောက်ကို ဒေါပေါ်ကူး ကျေးရွာတွင် ပြန်လည် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံနှီးနှောဖလှယ်ပွဲ သင်တန်းတွင် အများဆုံး တက်ရောက်လာသည့်ဒေသမှာ မိုင်းဖြတ်ဘက် မှဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းမှ ကယားရွာ ၁၇ရွာမှ ကယားဖူးတက္ကသိုလ်ကျောင်းသူ/သား လူငယ်များ စုစုပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့သည် ဟုသိရှိရပါသည်။