ရှမ်း-ကယား နယ်စပ်မြို့များဖြစ်သော မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွင်နေထိုင်ကြသည့် ကယားတိုင်းရင်းသား လူမျိုးများသည် မိခင်ဘာသာစကားပြောဆိုမှုအားနည်းပြီး ဘာသာစာပေသင်ယူလေ့လာမှုတွင်လည်းအား နည်းနေသေးသည်ဟု မတ်လ ၂၃ရက်နေ့ နှောင်လှိုင်ကျေးရွာတွင် ကျင်းပခဲ့သော ကယားစာပေကော်မတီ အစည်းအဝေး၌ ဒေသခံတဦး၏ ပြောဆိုဆွေးနွေး ချက်အရသိရှိရသည်။
“ကျနော်တို့ရွာမှာ သင်တာက အားနည်းချက် အများကြီးရှိတယ်။ လာတက်တဲ့သူတွေ က တဖြည်းဖြည်း နည်းသွားတယ်ပေါ့နော”
မိုးဗြဲနှင့်ဖယ်ခုံမြို့များတွင်နေထိုင်သော ကယားလူမျိုးများမှာ တခြားသော တိုင်းရင်းသားဒေသခံများနှင့် အနေနီးစပ်ခြင်းကြောင့် ယခုခေတ်လူငယ်အချို့ သည် မိခင်ကယားဘာသာစကားကို ပြောဆိုမှု အားနည်း လာခြင်းဖြစ်သည်ဟု ဆိုသည်။
မျိုးနွယ်မပပျောက်မသွားရလေအောင် လူမျိုး ၊ စာပေထိန်းသိမ်းသည့်အနေဖြင့် မိခင်စာပေဘာသာကို စတင်သင်ကြားပို့ချပေးနေပြီဟု ရှမ်းပြည်နယ် ကယားစာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဦးလော်ရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
“ကျနော်တို့ ဒီရွာမှာကတော့ ကျောင်းပညာရေး ကျောင်းစာမှာတော့ အချိန်ပြည့်သင်ကြားနိုင်သေးဘူး။ ဒါပေမဲ့လို့ ရွာထဲမှာတော့ ကျောင်းတက်တဲ့ကလေးတွေကို သီးသန့် အချိန်ပိုအဖြစ် ၃ နာရီကနေ ၄နာရိ အထိသင်ကြားပေးပါတယ်။ ရွာသားတွေကိုတော့ အချိန် တပတ် နှစ်ပတ်လောက်ယူပြီး သင်ပေး တာရှိပါတယ်”
ယခင်ကတည်းကပင် မြန်မာဗျည်းအက္ခရာဖြင့်တီထွင်ထားသောဆရာကြီးဦးမီရယ် စာပေကို သင်ယူလေ့ လာကြရာမှ ယခုအခါတွင် ဘုံစာပေအဖြစ် ပြည်နယ်စာပေကော်မတီမှ သဘောတူညီထားကြပြီ ဖြစ်သော ကြယ်ဖိုးကြီးစာပေကို ပြန်လည်လေ့လာသင်ယူနေကြသဖြင့် အခက်အခဲ အနည်းငယ်ရှိကြောင်း ပြောသည်။
ယခုလို မိခင်ကယားစာပေ လေ့လာသင်ယူလိုမှု အားနည်းသည့်အပေါ်တွင် ကယားစာပေ လိုက်လံပို့ချပေး နေသော ဆရာယွီရယ်က “ကျနော်တို့ တအိမ်ထဲမှာနေပေမဲ့ ကျနော်တို့ တစိတ်တဝမ်းထဲမဖြစ်တာကတော့ ဖြစ်တတ်ပါတယ်။ အဲဒီတော့ ကျနော်တို့သိထားမှာက အမေရင်း နဲ့ ဒွေးတော် မှာ ဘယ်သူ့ကို ပိုချစ်သင့်သလဲ ဆိုတာပါပဲ” ဟု ဥပမာပေးရှင်းပြသွားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကယားနယ်စပ်တွင် ကယားလူမျိုးများနေထိုင်သောကျေးရွာပေါင်း ၁၇ ရွာ ရှိပြီး မိခင်ကယားစာပေကို ကြယ်ဖိုးကြီးအက္ခရာဖြင့် သင်ကြားမှုများကိုတော့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကမှ စတင် သင်ကြားပေးခဲ့ကြောင်းသိရသည်။