ကယား(ကရင်နီ)ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ၂၇၅၃ နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို မတ်လ ၃၁ရက်နေ့ (ကရင်နီနေ့ လဲဟျာ တစဲ) တွင် ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် ကေ့ထျိုးဘိုးဝင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြသည်။
ကရင်နီနှစ်သစ်ကူးနေ့ကို နှစ်စဉ်နှစ်တိုင်း ထိုင်း၊ မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ကျင်းပခဲ့ကြခြင်း ဖြစ်ပြီး ယခုအပစ်အခတ်ရပ်စဲထားသည့် ကာလတွင် ပြည်နယ်အစိုးရ၏ သဘောတူညီချက်ဖြင့် စတင်ပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP )မှ ဒုဥက္ကဌ ခူဦးရယ်က ပြောသည်။
“ဒါကတော့ကျနော်တို့တွေ့ဆုံဆွေးနွေးမှုကရလာတဲ့အကျိုးလို့ ပြောလို့လည်းရပါတယ်။ ကရင်နီတမျိုးသားလုံး ဆိုင်ရာနှစ်သစ်ကူးနေ့အခန်းအနား တွေ့ဆုံဆွေးနွေးမှုအောက်မှာ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဒီမှာရှိတဲ့ညီအစ်ကိုတွေ အားလုံးအနေနဲ့ဆုံစည်းပြီးတော့ ဒီနေ့ဒီရက်က ကျနော်တို့ တမျိုးသားလုံးရဲ့ နှစ်သစ် အခါသမယဖြစ်တယ်ဆိုတာကို ကျနော်တို့အနေနဲ့ဦးဦးဖျားဖျား မိတ်ဆက်ပေးချင်တာလည်းပါပါတယ်။ လာမယ့်နှစ်တွေမှာ ညီအစ်ကို တိုင်းရင်းသား မောင်နှမတွေအားလုံးပုံမှန် ကျင်းပသွားနိုင်ဖို့လာပြီးတော့ မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်။”
အဆိုပါ ကရင်နီနှစ်သစ်ကူးနေ့ပွဲတော်ကို နှစ်သစ်သို့ မကူးပြောင်းမှီ ညသန်းခေါင်ယံအချိန် တွင်နှစ်သစ်ကိုကြို ဆို သောအားဖြင့် ကရင်နီလူမျိုးတို့ ကိုးကွယ်သော ဘာသာပေါင်းစုံဖြင့် ဝတ်ပြုဆုတောင်းခြင်းများကိုပြု လုပ်သွားကြသည်။
ဖရူဆိုအနောက်တောင်ဘက်ခြမ်းတွင်နေထိုင်သည့် ကော်ယောလူမျိုး လူငယ်တဦးဖြစ်သော အန်ထောနီက “ ကရင်နီနှစ်သစ်ကူးနေ့ဆိုတော့ ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားအားလုံးပေါင်းစုံ ပါစေချင်တယ် ၊ အခန်းကဏ္ဍအလိုက်ပေါ့ နော်။ အခုကဘာသာစကားအနေနဲ့တခုတည်းပဲသုံးသွားတဲ့အတွက်ကြောင့်မိုလို့ သိပ်အဆင်မပြေဘူး တခြားလူမျိုးစု တွေရဲ့ဘာသာစကားကို လည်းထည့်ပြီးတော့မှ ပြောပေးနိုင်ရင်တော့ကောင်းတယ်။” ဟု ပြောသည်။
ယခုကဲ့သို့ နှစ်သစ်ကူးနေ့ရှိခြင်းကို ယခင်က ပြည်တွင်းတွင် မကျင်းပနိုင်ခဲ့သဖြင့် တိုင်းရင်းသားမောင်နှအများစု မသိခဲ့ကြခြင်းသည် အတွေးအခေါ်ပညာရေးနိုမ့်ကျနေခဲ့ခြင်းဖြစ်ပြီး ၄င်း နေ့ထူးနေ့မြတ်ကို သိရှိနားလည်ထိန်း သိမ်းတတ်လာစေရန် ခေတ်လူငယ်များအတွေးအခေါ် ပညာရေးမြင့်မားရန်လိုအပ်လာကြောင်း ကြတ်ခူရွာမှ နှစ်သစ်ကူးပွဲ အခန်းအနားသို့ တက်ရောက်လာသည့် ရပ်မိရပ်ဖ တဦးဖြစ်သော ဦးဦးရယ်က ပြောသည်။
“နှစ်ပေါင်းဒီလောက်တောင်ကြာခဲ့ပြီဆိုတော့ ကျနော်တို့လူမျိုးဟာမနည်းတော့ဘူး ။ ကျနော်တို့လူမျိုးက ရှိနေတာကြာပြီ လူငယ်အခုခေတ်တွေက မသိကြတော့ဘူး ၊ အဲဒါကြောင့် ကျနော်တို့ရဲ့အတွေးအခေါ်တွေ နှိမ့်ကျနေတယ်။ အဲဒါအဒီကအတွေးအခေါ်မြင့်မားလာဖို့အတွက် ပညာရေးကိုဦးစားပေး ရတော့မယ့်အချိန် ရောက်နေပါပြီ။” ဟုပြောသည်။
ကရင်နီ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အနေဖြင့် အားကစားပြိုင်ပွဲများကို ၊ ရိုးရာကစားနည်းများနှင့် ရိုးရာအက အဆိုအတီးများဖြင့်ကျင်းပသွားကြပြီး ပြည်နယ်ကိုယ်စားပြု ထူးချွန်အားကစားသမားများကိုလည်း ဆုများချီးမြင့်ခြင်း အစီအစဉ်များကိုလည်း ကျင်းပသွားကြသည်။
အခန်းအနားသို့မြို့နယ်အသီးသီးရှိ ကျေးရွာကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရကိုယ်စားလှယ်များ ၊ ပြည်နယ်စီမံကိန်းဦးစီးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နိုင်ငံရေးပါတီများ ၊ လက်နက်အဖွဲ့အစည်း များဖြစ်သော ကယောနီအဖွဲ့၊ ကယန်းပြည်သစ်၊ နဂါး ၊ က.လ.လတ နှင့် နိုင်ငံရေးပါတီများဖြစ်ကြာသော တိုင်းရင်းသား လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)၊ NLD ၊ ကြံ့ခိုင်ရေးပါတီ ၊ ကယန်းအမျိုးသားပါတီ စုစုပေါင်းလူဦးရေ ရ၀၀ ခန့်တက်ရောက်ကြသည် ဟုသိရသည်။