ကရင်နီ(ကယား)ပြည်တွင်း အခြေခံကျန်းမာရေး စောင့်ရှောက်မှု ထိထိရောက်ရောက်ဆောင်ရွက်ဖို့ကျန်းမာ ရေးဝန်ထမ်းများ ပြုစုပျိုးထောင်ရန်လိုအပ်ပြီး ၀န်ထမ်းမရှိပဲ စာရင်းပြည့်နေသည့် မူပေါ်လစီ များပြုပြင်ရန် လိုသည်ဟု လူထုကျန်းမာရေးနှင့် ဖွ့ံဖြိုးမှုကွန်ယက် CHDN ကပြောသည်။
ကယားပြည်နယ်အတွင်း အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်မှုခက်ခဲသည့် ဒေသသို့ ကျန်းမာရေးဝန်ထမ်းများ သွားရောက်နိုင်ရန်အတွက် CHDNမှခရီးစဉ်ရေးဆွဲခြင်း ဆွေးနွေးပွဲတရပ်ကို ဒီမောဆိုမြို့ လွိုင်နန်းဖဆေးခန်းတွင် မတ်လ ၂၂ရက်ကကျင်းပပြုလုပ်ပြီးနောက် ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ကျန်းမာရေးဝန်ထမ်းများကို ပြုစုပျိုးထောင်ဖို့လိုတယ် ဘာဖြစ်လို့အဲ့လိုပြောရသလဲဆိုရင် ကျန်းမာရေးဝန်ထမ်း တွေက တခါတလေစာရင်းအပြည့်ရှိတယ် လူကျတော့ မရှိဘူးဖြစ်နေတယ် စနစ်ကိုတော့ အဓိကပြုပြင်ဖို့တော့ လိုမယ်လို့ ကျနော်ထင်တယ်" ဟု CHDN ညွန်ကြားရေးမှူး ခွန်းဖိလစ်ကပြောသည်။
အစိုးရနှင့် ဒေသတွင်း ကျန်းမာရေးအဖွဲ့အစည်းများ သွားရောက်ရန်ခက်ခဲနေသည့် တော်ခူ၊ ကေကော၊ ဆီးဘူး (တောင်)၊ ဆီးဘူး (မြှောက်)၊ ထီးစဲခါးနှင့် နန်းမယ်ခုံအုပ်စုရှိ ကျေးရွာများသို့ တလကြာ ဆေးကုသမှုခရီးစဉ်ကို CHDNမှ ပြုလုပ်မည်ဖြစ်သည်။
"ဆေးကုသတဲ့အခါ ဆေးဝါးမလုံလောက်တာရှိတယ် ဆေးက ၃ လ တကြိမ် သို့မဟုတ် ၆ လ တကြိမ် ထုတ်ပေးတာရှိတယ် ဆေးဝါးမလုံလောက်ရင် ပညာပေးအဆင့်နဲ့ပဲ လုပ်ရတယ်" ဟု ကရင်နီနယ်လှည့်ဆေးမှူး ပိုးရယ်မှာ ပြောပါသည်။
လက်ရှိအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီအကြား အပစ်ခတ်ရပ်စဲရေးကာလတွင် ကရင်နီပြည်အတွင်း ကျန်းမရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုကို ညွန်ကြားရေးမှူး ခွန်ဖိလစ်မှအခုလိုပြော သည်။
"ရုပ်ပိုင်းဆိုင်ရာက တိုးတက်မှုတချို့တွေ့လာတယ် ရုပ်ပိုင်းဆိုင်ရာဆိုတာက ဥပမာ အစိုးရကနေ ကျန်းမာရေး စောင့်ရှောက်ဖို့ ဆေးခန်းတွေ ဆောက်လာတယ်ပေါ့နော ကျနော်တို့ဒေသကို အလုံး ၂၀၊ ၃၀ လောက်တွေ့လာ ရတယ် ဒါပေမဲ့ တကယ် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အိုင်ဒီပီ မပြောနဲ့မြို့နဲ့အလှမ်းဝေး တဲ့ဒေသတွေမှာ အခုထိ အခက်ခဲတွေ ရှိနေဆဲပဲပေါ့နော တိုးတက်မှုရယ်လို့တော့ မရှိလာသေးဘူး။"
လူထုကျန်းမာရေနှင့် ဖွ့ံဖြိုးရေးကွန်ယက်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ရက်တွင် ကရင်နီပြည် ဒေသတွင်းရှိ အပစ်ရပ်အဖွဲ့့ ၆ ဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသား လွတ်မြောက်ရေးတပ်ဦး၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့၊ ကရင်နီးအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကယန်အမျိုးသားကာကွယ်ရေးတပ်တို့၏ ကျန်းမာရေးဌာနများဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည်။