ဆယ်နှစ်နီးပါး ပိတ်ထားခဲ့သည့် ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ရှိ မြို့မစျေးကို လာမည့်နိုဝင်ဘာလ အတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောသည်။
လွန်ခဲ့သည့် ရှစ်နှစ်ခန့်တွင် ဘောလခဲစျေးပတ်ကားကို လက်နက်ကိုင် အဖွဲ့အစည်းတခုမှ မှားယွင်းပစ် ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး စျေးသည်တစ်ဦးသေဆုံးခဲ့ရာမှ ယခုအချိန်ထိ စျေးပတ်ကားများ မထွက်ရဲတော့ဘဲ စျေးကို ပိတ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဒေသခံများသည် ကုန်စိမ်း၊ ကုန်ခြောက်များကို လွိုင်ကော်မှတဆင့် ပြန်လည်ရောင်းချသည့် စျေးဆိုင်မှ တဆင့်ဝယ်ယူရသဖြင့် ပုံမှန်ထက်ကုန်စျေးနှုန်းကြီးမြင့်နေသည်။
ယခုအခါ ကုန်စည် စီးဆင်းမှုမြန်ဆန် လာစေရန်နှင့် စျေးနှုန်းပိုမို သက်သာလာစေရန် ရည်ရွယ်ပြီး ငါးရက် တစ်စျေး ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဦးမြတ်ကိုထွေးက ဆက်ပြောသည်။
သူက ̏ဒေသခံ ပြည်သူတွေ ကုန်စိမ်း၊ကုန်ခြောက် တွေကိုတတ်နိုင်သလောက်စျေးနူန်းမှန်နဲ့ အလွယ်တကူ ၀ယ်ယူစားသုံးနိုင်အောင် ရည်ရွယ်တာပါ״ပြောသည်။
ဘောလခဲမြို့မစျေးကို အပစ်အခတ်ရပ်စဲရေးမတိုင်မှီတွင် ငါးရက်တကြိမ် စျေးပြန်လည်ဖွင့်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း စျေးပတ်ကားများ မထွက်သောကြောင့် စျေးတွင် အမဲဒိုင်များမှလွှဲ၍ တခြားမရှိခဲ့ ကြောင်း သိရသည်။
ယခုကဲ့သို့ အပစ်အခတ်ရပ်စဲထားသည့်ကာလအတောအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတခုအနေဖြင့် မြို့မစျေးကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဆိုသည်။
ပြည်သူအများစုက လည်းစျေးပြန်လည်ဖွင့်လှစ်ရန်လိုလာနေကြပြီး ယခင်ကထက် စျေးနူန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန်ကိုလည်း မျှော်လင့်နေကြသည်။
ဒေသခံ တစ်ဦးက ̏ လွိုင်ကော်ကနေ တိုက်ရိုက်လာရောင်းကြမှာဆိုတော့ အခုဝယ်စားနေရတာထက် ပိုပြီး စျေးသက်သာမယ် ပြီးတော့စည်စည်ကားကား ဖြစ်သွားတာပေါ့ ״ဟု ပြောသည်။
စျေးကြီးတွင်ဆိုင်ခန်း (၈၀) ပါ၀င်မည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း ၎င်းမြို့မစျေးပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။