ကယားပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာ နေကြသူတွေနဲ့ နယ်စပ်ဒုက္ခသည် စခန်းကနေ ပြန်လာတဲ့သူတချို့ တို့ကို တရားဝင် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်စိုးက ယခုလို ရှင်းပြသွားပါတယ်။
"သန်းခေါင်းစာရင်း မရှိတဲ့သူတွေက ဒီဒေသမှာရှိတဲ့သူတွေ ဒီဒေသမှာအမြဲတမ်းနေတဲ့ နယ်မွေးခြံပေါက်တွေ နေပြီးတော့မှ တဖက်နိုင်ငံရဲ့ နိုင်ငံတွေမှာ တရားဝင်သွားရောက်နေထိုင်ခြင်း နိုင်ငံသားပြုခံယူခြင်း မဟုတ်ရင်တော့ ဒီလူတွေအားလုံးကို ငါးဦးကော်မတီထောက်ခံချက်နဲ့ တရားဝင်အိမ်ထောင်စု တခု ထုတ်ပေးသွားမှာဖြစ်ပါတယ်"
မိဘ၊ အဖိုးအဖွားတွေနဲ့ တစ်ဖက်နိုင်ငံသား ခံယူမှုရှိမရှိ ချက်ချင်း မစစ်ဆေးနိုင်သေးတဲ့အတွက် အမျိုးသားမှတ်ပုံတင် ကဒ်ပြားကိုသာ ဦးစွာ ထုတ်ဝေပေးမှာ ဖြစ်တယ်လို့ အခုလို ထပ်မံရှင်းပြပါတယ်။
"ဒီမှာနေထိုင်တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တရားဝင်နေထိုင်လာပြီ ဒါတွေအားလုံး ညှိနိုင်းပြီးပြီဆိုရင် ကျနော်တို့က ဆွဲတင်စစ်လုပ်ပါမယ် သူတို့တွေကို အိမ်ထောင်စုနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပေးဖို့လေ။ အခြေချနေထိုင်ပြီ ဆိုတော့မှ အိမ်ထောင်စု ထုတ်ပေးခြင်း တွေလုပ်ပါမယ် လုပ်ပြီဆိုရင် တရားဝင်နေပြီဆိုရင် ကျန်တဲ့ဟာ နိုင်ငံသား ကဒ်ပြားလုပ်တာကတော့ စီစစ်ပြီးတော့ နိုင်ငံသား အရည်အချင်းရှိတဲ့သူ ငါးဦးကော်မတီနဲ့ လုပ်ပါမယ်။ လောလောဆယ်မှာ တဖက်နိုင်ငံသား ခံလားမခံလား မသေချာသေးခင်မှာ သူတို့ရောက်တာနဲ့ အိမ်ထောင်စုတွေကို ဆွဲတင်စစ်နဲ့ အိမ်ထောင်စုကို လုပ်ပေးပါမယ်။ အဲဒီ အိမ်ထောင်စုလုပ်ထားတဲ့သူကိုပဲ လောလောဆယ် အဖေအမေ အဖိုးအဖွားတွေ သူတို့ရဲ့ အထောက် အထားတွေ မစစ်နိုင်သေးလို့ ယာယီသဘောနဲ့ အမျိုးသားမှတ်ပုံတင် ကဒ်ပြားကို ဦးစွာထုတ်ပါမယ်"
လာမည့် ဧပြီလအတွင်းမှာ မြို့နှင့် ၁၅ မိုင်ဝေးတဲ့ နယ်မြေဒေသ နှစ်နေရာစီကို မြို့နယ်အသီးသီးမှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် အခမဲ့သွားရောက် ပြုလုပ်ပေးသွား မှာဖြစ်ပါတယ်။
၎င်းအိမ်ထောင်စုစားရင်းနှင့် မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးနေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ယမန်နေ့မတ်လ ၂၁ ရက်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတချို့တွေ၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတချို့တွေကို ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြသွားတာ ဖြစ်ပါတယ်။
အခမ်းအနားအစီအစဉ်မှာ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းတွေ ကောက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးသွား ကြတာ ဖြစ်တယ်လို့ ယခုလိုရှင်းပြပါတယ်။
"၂၀၁၄ မှာကောက်မည့် သန်းခေါင်စာရင်းကော ၂၀၁၃ ခုနှစ်မတ်လ ကနေ ဧပြီလအတွင်းမှာ ကောက်မည့် စမ်းသပ်သန်းခေါင် စာရင်းကော ပြည်သူတွေကော ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကော ကယားပြည်နယ်မှာရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့ဝင်တွေ အဖွဲ့အစည်းတွေ အသီးသီး နိုင်ငံရေးပါတီတွေ ဒါတွေ အားလုံးက ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ရှင်းလင်းတင်ပြတာ ဖြစ်ပါတယ်"