အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်နေမှု ကိစ္စရပ်နဲ့ပတ်သက်လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားများက လွိုင်ကော်မြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပြုဖို့ သက်ဆိုင်ရာအာဏာပိုင်တွေထံ ဥပဒေနှင့်အညီ ခွင့်ပြုမိန့် လျှောက်ထားတယ်လို့ ဖရူဆိုမြို့နယ် ဒေသခံ ဆရာသဲရယ်က ပြောပါတယ်။
"လူထုဆန္ဒဖော်ထုတ်ပွဲကို စီတန်းလှည့်လည်ခြင်း လုပ်ဖို့အတွက် ခွင့်ပြုချက် သွားတင်ထားတယ်။ တင်ဖို့ဆိုတာကလည်း အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ နောက်ပြီးတော့ တတ်ကျွမ်း တဲ့သူတွေနဲ့ ညှိနှိုင်းတယ်။ သူတို့ရဲ့ အကြံအဉာဏ်နဲ့ သူတို့ရဲ့ ဥပဒေလမ်းကြောင်းနဲ့ အကြံအဉာဏ် တောင်းပြီးတော့မှ ကျနော်တို့ ပြင်ဆင်ပြီး ဒီနေ့သွားတင်ပါတယ်" လို့ ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ဖို့ ဖြစ်ပြီး အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေး ကျောင်းကို ပြန်ရုတ်သိမ်းဖို့၊ လယ်ယာမြေ သိမ်းဆည်းမှုတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရပ်တန့်ပေးဖို့ဆိုတဲ့ အချက်တွေကို လျှောက်တင်ထားတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးကလည်း ခွင့်ပြုမိန့် တင်ထားတဲ့စာကို မတ်လ ၂၂ ရက်နေ့က လက်ခံရရှိပြီး ဖြစ်ကြောင်း သိရပါတယ်။
စီတန်းလှည့်လည်ခွင့်ကို လွိုင်ကော်မြို့တွင်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် မနက် ၈ နာရီမှ ညနေ ၅ နာရီအချိန်အထိ ပြုလုပ်ခွင့်ပြုရန် တင်ပြတောင်းဆိုထားကြောင်း ပြောပါတယ်။
ဥပဒေနှင့်အညီ နည်းမှန်လမ်းမှန် တရားဝင် ပြုလုပ်သွားရင် ဘယ်အရာမဆို လူထုဆန္ဒဖော်ထုတ်လို့ရကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။
"အခုက တရားဝင်လုပ်လို့ရပြီး ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြလို့လည်း ရပါတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ် ဘာမှခွင့်မပြုနိုင်စရာ အကြောင်းမရှိပါဘူး။ ခွင့်မပြုတာတွေဆိုတာက နားလည်မှုတွေ လွှဲနေပါတယ်"